ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယေ​ရ​မိ 22:2-19 Judson Bible (BJB)

2. ဒါဝိဒ်မင်းကြီး၏ ရာဇပလ္လင်ပေါ်မှာ ထိုင်သော ယုဒရှင်ဘုရင်၊ သင့်ကိုယ်တိုင်မှစ၍ သင်၏ကျွန်များနှင့်၊ ဤမြို့တံခါးတို့ဖြင့် ဝင်သော သင်၏လူများတို့၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်ကို နားထောင်ကြလော့။

3. ထာဝရဘုရားမိန့်တော်မူသည်ကား၊ တရားသဖြင့် စီရင်၍ ဖြောင့်မတ်စွာ ဆုံးဖြတ်ကြလော့။ လုယူ ခြင်းခံရသောသူကို ညှဉ်းဆဲသော သူ၏လက်မှကယ်နှုတ်ကြလော့။ ဧည့်သည်ဖြစ်သောသူ၊ မိဘမရှိသောသူ၊ မုတ်ဆိုးမတို့ကို မတရားသဖြင့်မပြု၊ မညှဉ်းဆဲကြနှင့်။ အပြစ်မရှိသော သူတို့ကို ဤအရပ်၌မကွပ်မျက်ကြနှင့်။

4. အကြောင်းမူကား၊ သင်တို့သည် ဤပညတ်တော်အတိုင်း အမှန်ပြုလျှင်၊ ဒါဝိဒ်မင်းကြီး၏ ရာဇပလ္လင်ပေါ်မှာ ထိုင်သော ရထားစီး၊ မြင်းစီးရှင်ဘုရင်တို့သည် ကျွန်များ၊ နိုင်ငံတော်သားများနှင့်တကွ၊ ဤနန်းတော်တံခါးများကို ထွက်ဝင်ရကြလိမ့်မည်။

5. သို့မဟုတ်၊ သင်တို့သည် ဤအမိန့်တော်ကို နားမထောင်ဘဲနေလျှင်၊ ဤနန်းတော်သည် လူဆိတ်ညံသော အရပ်ဖြစ်လိမ့်မည်ဟု ငါထာဝရဘုရားသည် ကိုယ်ကိုကိုယ် တိုင်တည်၍ မိန့်တော်မူ၏။

6. ယုဒရှင်ဘုရင်၏ နန်းတော်ကို ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်သည်ငါ၌ ဂိလဒ်အရပ်ကဲ့သို့၎င်း၊ လေဗနုန်တောင်ထိပ်ကဲ့သို့၎င်း ဖြစ်သော်လည်း၊ အကယ်စင်စစ် ငါသည်သင့်ကို လူမနေသော မြို့ကဲ့သို့ တောဖြစ်စေမည်။

7. သင့်ကို ဖျက်ဆီးစေခြင်းငှါ၊ ထားနှင့်ပုဆိန်ပါသော သူတို့ကို ငါပြင်ဆင်သဖြင့်၊ သူတို့သည် သင်၌ အမြတ်ဆုံးသော အာရဇပင်တို့ကို ခုတ်လှဲ၍ မီးထဲသို့ ချလိုက်ကြလိမ့်မည်။

8. လူအမျိုးမျိုးတို့သည် ဤမြို့အနားမှာ ရှောက် သွားလျက်၊ ထာဝရဘုရားသည် ဤမြို့ကြီးကို အဘယ်ကြောင့် ဤသို့ပြုတော်မူသနည်းဟု၊ တယောက်ကို တယောက်မေးကြသည်ရှိသော်၊

9. ဤ မြို့သားတို့သည် မိမိတို့ဘုရားသခင် ထာဝရဘုရား၏ ပဋိညာဉ်ကို စွန့်ပစ်၍၊ အခြားတပါးသောဘုရားတို့ကို ဝတ်ပြုကိုးကွယ်ကြသောကြောင့်၊ ဤသို့ ပြုတော်မူသည်ဟု ပြန်ပြောကြလိမ့်မည်။

10. သေသောသူအတွက် ငိုကြွေးမြည်တမ်းခြင်းကို မပြုကြနှင့်။ အခြားတပါးသို့ သွားသောသူအတွက် ငိုကြွေးခြင်းကို ပြုကြလော့။ သူသည် နောက်တဖန်ပြန်၍မလာရ။ မိမိမွေးဘွားရာဌာနကို မမြင်ရ။

11. ခမည်းတော်ယောရှိမင်းကြီး အရာ၌စိုးစံ၍ ဤပြည်မှ ထွက်သွားသော ယုဒရှင်ဘုရင် ယောရှိမင်းကြီး၏ သားရှလ္လုံကို ရည်မှတ်၍ ထာဝရဘုရား မိန့်တော်မူ သည်ကား၊ ထိုမင်းသည် နောက်တဖန် ဤပြည်သို့ ပြန်၍မလာရ။

12. ရန်သူတို့ သိမ်းသွားရာပြည်၌ပင် သေရလိမ့်မည်။ ဤပြည်ကို နောက်တဖန်မမြင်ရ။

13. မတရားသော အမှုအားဖြင့် မိမိအိမ်ကို၎င်း၊ အဓမ္မပြု၍ အထက်ခန်းတို့ကို၎င်း ဆောက်သောသူ၊ အိမ်နီးချင်းကိုအခမပေးဘဲ စေစား၍၊ အလုပ်လုပ်သည်အတွက် ဆုမချသောသူသည် အမင်္ဂလာရှိ၏။

14. ကြီးသောအိမ်၊ ကျယ်သောအထက်ခန်းတို့ကို ငါဆောက်မည်ဟု ဆိုလျက်၊ ပြတင်းပေါက်ကို ဖေါက်၍၊ အာရဇ်သစ်သားနှင့် မိုးပြီးမှ၊ ဟင်းသပြတားနှင့် ချယ်လှယ်ပြီတကား။

15. ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်သည် အာရဇ်သစ်သား၏ ဂုဏ်ကိုကိုးစားသောကြောင့် စိုးစံရမည်လော။ သင်၏ အဘသည်ဝစွာ စားသောက်ရသည် မဟုတ်လော။ တရားသဖြင့် စီရင်ဆုံးဖြတ်သည်မဟုတ်လော။ ထိုသို့ပြု၍ ကောင်းစားခြင်းရှိ၏။

16. သူသည် ဆင်းရဲငတ်မွတ်သော သူတို့အမှုကို စောင့်၍ တရားသဖြင့် စီရင်၏။ ထိုသို့ပြု၍ ကောင်းစားခြင်း ရှိ၏။ ငါ့ကိုသိသော အကျိုးမဟုတ်လော။

17. သင်၏ မျက်စိနှင့် သင်၏နှလုံးမူကား၊ လောဘလွန်ကျူးခြင်း၊ အပြစ်မရှိသောသူကို သတ်ခြင်း၊ ညှဉ်းဆဲ နှိပ်စက်ခြင်းမှတပါး၊ အဘယ်အမှုကိုမျှ မမှတ်တတ်။

18. ထိုကြောင့်၊ ထာဝရဘုရားသည် ယုဒရှင်ဘုရင် ယောရှိမင်းကြီး၏သား ယောယကိမ်ကို ရည်မှတ်၍ မိန့်တော်မူသည်ကား၊ ထိုမင်းသေသောအခါ လူများတို့က၊ ဩ ငါ့အစ်ကို၊ ဩ ငါ့နှမ ဟူ၍ မငိုကြွေးရကြ။ သူ၏ အတွက်လည်း၊ ဩ သခင်၊ ဩ အရှင်မ၏ ဘုန်းဟူ၍ မမြည်တမ်းရကြ။

19. ယေရုရှလင်မြို့ပြင်သို့ ဆွဲသွား၍ ပစ်ထားသဖြင့်၊ မြည်းကို သင်္ဂြိုဟ်သကဲ့သို့ ထိုမင်းကို သင်္ဂြိုဟ်ရလိမ့်မည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယေ​ရ​မိ 22