ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယေ​ရ​မိ 22:16-25 Judson Bible (BJB)

16. သူသည် ဆင်းရဲငတ်မွတ်သော သူတို့အမှုကို စောင့်၍ တရားသဖြင့် စီရင်၏။ ထိုသို့ပြု၍ ကောင်းစားခြင်း ရှိ၏။ ငါ့ကိုသိသော အကျိုးမဟုတ်လော။

17. သင်၏ မျက်စိနှင့် သင်၏နှလုံးမူကား၊ လောဘလွန်ကျူးခြင်း၊ အပြစ်မရှိသောသူကို သတ်ခြင်း၊ ညှဉ်းဆဲ နှိပ်စက်ခြင်းမှတပါး၊ အဘယ်အမှုကိုမျှ မမှတ်တတ်။

18. ထိုကြောင့်၊ ထာဝရဘုရားသည် ယုဒရှင်ဘုရင် ယောရှိမင်းကြီး၏သား ယောယကိမ်ကို ရည်မှတ်၍ မိန့်တော်မူသည်ကား၊ ထိုမင်းသေသောအခါ လူများတို့က၊ ဩ ငါ့အစ်ကို၊ ဩ ငါ့နှမ ဟူ၍ မငိုကြွေးရကြ။ သူ၏ အတွက်လည်း၊ ဩ သခင်၊ ဩ အရှင်မ၏ ဘုန်းဟူ၍ မမြည်တမ်းရကြ။

19. ယေရုရှလင်မြို့ပြင်သို့ ဆွဲသွား၍ ပစ်ထားသဖြင့်၊ မြည်းကို သင်္ဂြိုဟ်သကဲ့သို့ ထိုမင်းကို သင်္ဂြိုဟ်ရလိမ့်မည်။

20. လေဗနုန်တောင်ပေါ်သို့ တက်၍ ကြွေးကြော်လော့။ ဗာရှန်ပြည်၌ အော်ဟစ်လော့။ အာဗရိမ်အရပ်မှာ အသံကိုလွှင့်လော့။ အကြောင်းမူကား၊ သင်၏မိတ်ဆွေ အပေါင်းတို့သည် ပျက်စီးခြင်းသို့ ရောက်ကြပြီ။

21. သင်သည် ကောင်းစားသောအခါ ငါသတိပေး၏။ သင်က၊ ငါနားမထောင်ဟု ပြန်ပြော၏။ ငယ်သောအရွယ်မှစ၍ ငါ့စကားကို နားမထောင်ဘဲ နေမြဲရှိ၏။

22. သင့်ကို ကျွေးမွေးသော သူအပေါင်းတို့ကို လေသည် စားလိမ့်မည်။ သင်၏မိတ်ဆွေတို့ကို ရန်သူတို့ သည် သိမ်းသွားကြလိမ့်မည်။ ထိုအခါ သင်သည် ကိုယ်ပြုသမျှသော ဒုစရိုက်တို့ကြောင့် အမှန်ရှက်ကြောက်၍ စိတ်ပျက်ခြင်း ရှိလိမ့်မည်။

23. အာရဇ်ပင်တို့၌ အသိုက်လုပ်တတ်သော လေဗနုန်တောင်သား၊ သားဘွားခြင်းဝေဒနာကို မိန်းမ ခံရသကဲ့သို့၊ သင်သည်နာကျင်ခြင်းဝေဒနာကိုခံရသောအခါ၊ အဘယ်မျှလောက် သနားဘွယ်ဖြစ်လိမ့်မည်တကား။

24. ထာဝရဘုရားမိန့်တော်မူသည်ကား၊ ယုဒ ရှင်ဘုရင် ယောယကိမ်မင်းကြီး၏သား ခေါနိသည်၊ ငါ့လက်ျာ လက်၌ပါသော တံဆိပ်လက်စွပ်မှန်သော်လည်း၊ ငါအသက်ရှင်သည်အတိုင်း သင့်ကို ငါပယ်ပစ်မည်။

25. သင့်အသက်ကို သတ်ချင်သောသူ၊ သင်အလွန်ကြောက်သောသူတည်းဟူသော ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာမင်းမှစ၍ ခါလဒဲလူတို့ လက်သို့ ငါအပ်မည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယေ​ရ​မိ 22