ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယေ​ရ​မိ 2:19-37 Judson Bible (BJB)

19. သင်၏ ဒုစရိုက်သည် သင့်ကိုဆုံးမမည်။ သင်၏ ဖောက်ပြန်ခြင်းသည် သင့်ကို အပြစ်ပေးမည်။ သို့ဖြစ်၍ သင်၏ဘုရားသခင် ထာဝရဘုရားကို စွန့်ပစ်သောအမှု၊ ငါ့ကိုမကြောက်ဘဲ နေသောအမှုသည်၊ မကောင်းသော အမှု၊ ခါးသောအမှုဖြစ်သည်ကို သိမြင်ရမည်ဟု ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့်တော်မူ၏။

20. ရှေးကာလ၌ သင်ထမ်းရသော ထမ်းဘိုး၊ သင်၌ ချည်သော နှောင်ဖွဲ့ခြင်းကို ငါချိုးချွတ်၍ သင်က၊ အကျွန်ုပ်သည် မမှားယွင်းဘဲ နေပါမည်ဟု ဂတိထားသော်လည်း၊ မြင့်သောတောင်ရှိသမျှ အပေါ်၌၎င်း၊ စိမ်းသောသစ်ပင်ရှိသမျှအောက်၌၎င်း၊ ကိုယ်ကိုချ၍ ပြည်တန်ဆာလုပ်လေ၏။

21. အကောင်းဆုံးသော စပျစ်နွယ်ပင်အမျိုးစစ် ဖြစ်သော သင့်ကို ငါစိုက်ပျိုးသော်လည်း၊ သင်သည် ငါ့ရှေ့မှာ အဘယ်မျှလောက် ဖောက်ပြန်၍၊ အမျိုးမစစ်သော စပျစ်နွယ်ပင်ဖြစ်ပါသည်တကား။

22. သင်သည် ပေါက်ဆပ်ပြာနှင့် ရေချိုး၍၊ ချက်သော ဆပ်ပြာအများကို သုံးသော်လည်း၊ သင်၏အပြစ်သည် ငါ့ရှေ့မှာထင်ရှားသည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။

23. သင်ကလည်း၊ ငါသည် ညစ်ညူးခြင်းမရှိ၊ ဗာလဘုရားတို့ နောက်သို့မလိုက်ဟု အဘယ်သို့ ဆိုနိုင်သနည်း။ ချိုင့်၌ သင်လိုက်သော လမ်းကိုကြည့်ရှုလော့။ သင်ပြုသော အမှုတို့ကို ဝန်ခံလော့။ လျင်မြန်စွာ ပြေး၍ လှည့်လည်တတ်သော ကုလားအုပ်မပါတကား။

24. တော၌ လှည့်လည်၍ ကိလေသာရာဂစိတ်နှင့် လေကိုရှူတတ်သော မြည်းရိုင်းမပါတကား။ အချိန်ရောက် သောအခါ အဘယ်သူ ဆီးတားနိုင်သနည်း။ သူ့ကိုရှာအံ့သောငှါ အဘယ်သူမျှ ပင်ပန်းခြင်းကို မခံရ။ အချိန်စေ့ သောအခါ သူ့ကိုတွေ့လိမ့်မည်။

25. သင်၏ခြေနင်းကို မပျက်စေနှင့်။ ရေငတ်ခြင်းအကြောင်းကို မပြုနှင့်ဟုဆိုသော်လည်း၊ သင်ကမြော်လင့်စရာမရှိ၊ အလျှင်းမရှိ။ သူတပါးတို့ကို ငါချစ်၍၊ သူတို့နောက်သို့ လိုက်မည်ဟု ပြန်ပြော၏။

26. ဘမ်းမိသောသူခိုးသည် ရှက်သကဲ့သို့၊ ဣသရေလအမျိုး၏ ရှင်ဘုရင်၊ မင်းသား၊ ယဇ်ပုရောဟိတ်၊ ပရောဖက်နှင့်တကွ အမျိုးသားများတို့သည် ရှက်ကြ၏။

27. သစ်တုံးအား၊ ကိုယ်တော်သည် အကျွန်ုပ်အဘ ဖြစ်တော်မူ၏ဟူ၍၎င်း၊ ကျောက်အားလည်း၊ ကိုယ်တော် သည် အကျွန်ုပ် ကို ဘွားမြင်တော်မူပြီဟူ၍၎င်း ဆိုလျက်၊ စင်စစ်ငါ့ကို မျက်နှာမပြု၊ ကျောခိုင်းကြသော်လည်း၊ အမှုရောက်လျှင်မူကား၊ ထတော်မူပါ၊ အကျွန်ုပ်တို့ကို ကယ်မတော်မူပါဟု လျှောက်တတ်ကြ၏။

28. ကိုယ်အဘို့ သင်လုပ်သော ဘုရားတို့သည် အဘယ်မှာရှိကြသနည်း။ အမှုရောက်သောအခါ သူတို့သည် တတ်နိုင်လျှင်ထ၍ ကယ်ကြပါလေစေ။ အိုယုဒပြည်၊ သင်သည်မြို့များ အရေအတွက်ရှိသည်အတိုင်း၊ သင်၏ဘုရားများရှိပါသည်တကား။

29. ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့သည် အဘယ်အကျိုးအလိုငှါ ငါနှင့်တရားတွေ့ကြမည်နည်း။ သင်တို့ရှိသမျှသည် ငါ့ကို ပြစ်မှားကြပြီ။

30. ငါသည်သင်တို့ သားများကို အချည်းနှီးဒဏ်ပေးပြီ။ သူတို့သည် ဆုံးမခြင်းကို မခံကြ။ သင်တို့၏ ထားသည် လုယူဖျက်ဆီးတတ်သော ခြင်္သေ့ကဲ့သို့၊ သင်တို့၏ ပရောဖက်များကို ဖျက်ဆီးလေပြီ။

31. ယခုဖြစ်သော အမျိုးသားတို့၊ ထာဝရဘုရား၏ အမိန့်တော်ကို ဆင်ခြင်ကြလော့။ ငါသည် ဣသရေလ အမျိုး၌ တောကဲ့သို့၎င်း၊ မှောင်မိုက်နိုင်ငံကဲ့သို့၎င်း ဖြစ်ဘူးသလော။ ငါ၏လူတို့က၊ ငါတို့သည် အရပ်ရပ်သို့ လည်မည်။ ကိုယ်တော်ထံသို့ နောက်တဖန်မချဉ်းကပ်ဟု အဘယ်ကြောင့် ဆိုကြသနည်း။

32. အပျိုမသည် မိမိ၌ဆင်သောတန်ဆာကို၎င်း၊ မင်္ဂလာဆောင် သတို့သမီးသည် မိမိခါးပန်းကို၎င်း မေ့လျော့နိုင်သလော။ သို့သော်လည်း၊ ငါ၏လူတို့သည် မရေတွက်နိုင်အောင် များစွာသောကာလပတ်လုံး ငါ့ကို မေ့လျော့ကြပြီ။

33. သင်သည် ရည်းစားကို ရှာခြင်းငှါ သင်တို့ ဘာသာဓလေ့တို့ကို အဘယ်ကြောင့်ပြုပြင်သနည်း။ သင်၏အသိအကျွမ်းတို့ကို သွေးဆောင်လေပြီတကား။

34. ထိုမှတပါး၊ အနိုင်အထက်ပြုသည်ကို သင်မတွေ့။ အပြစ်မရှိသော ဆင်းရဲသားတို့ကို အသေသတ်၍၊ သွန်းသော အသွေးသည် သင်၏အဝတ်စွန်း၌ ထင်ရှား၏။

35. ထိုသို့သော အပြစ်များရှိသော်လည်း သင်က၊ ငါ၌အပြစ်မရှိသောကြောင့်၊ ဘုရားသခင်၏ အမျက် တော်သည် ငါမှလွှဲသွားလိမ့်မည်ဟု ဆိုပါသည်တကား။ ငါ၌အပြစ်မရှိဟုဆိုသောကြောင့်၊ သင့်ကို ငါစစ်ကြော စီရင်မည်။

36. သင်သည် အရပ်ရပ်သို့ ပြောင်းလဲခြင်းငှါ၊ အဘယ်ကြောင့် ဤမျှလောက်လှည့်လည်သနည်း။ အာရှုရိပြည်ကို ရှက်ကြောက်သည်နည်းတူ၊ အဲဂုတ္တုပြည် ကို ရှက်ကြောက်လိမ့်မည်။

37. သင်သည် မိမိလက်ကို မိမိခေါင်းပေါ်မှာ တင်လျက်၊ ထိုပြည်မှ အမှန်ထွက်သွားရလိမ့်မည်။ အကြောင်းမူကား၊ သင်ခိုလှုံသောအရာတို့ကို ထာဝရဘုရားသည် ပယ်တော်မူသောကြောင့်၊ ခိုလှုံ၍ အကျိုးကို မရနိုင်ရာ။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယေ​ရ​မိ 2