ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယေ​ရ​မိ 2:12-27 Judson Bible (BJB)

12. ထာဝရဘုရား မိန့်တော်မူသည်ကား၊ အို မိုဃ်းကောင်းကင်တို့၊ ထိုအမှုကို မိန်းမောတွေဝေ၍၊ ကြက်သီး မွေးညှင်းထသည်တိုင်အောင် ထိတ်လန့်လျက်နေကြလော့။

13. ငါ၏ လူတို့သည် အသက်စမ်းရေတွင်းတည်းဟူသော၊ ငါ့ကိုစွန့်ပစ်၍၊ ရေမလုံ၊ ပဲ့ပျက်သောရေကျင်းတို့ကို တူးသောအားဖြင့် ဒုစရိုက်နှစ်ပါးကို ပြုကြပြီ။

14. ဣသရေလသည် ကျွန်ဖြစ်သလော။ ကျွန်သား ပေါက်ဖြစ်သလော။ အဘယ်ကြောင့် လုယူခြင်းကို ခံရသနည်း။

15. ခြင်္သေ့တို့သည် သူ့ကိုဟောက်၍ အသံမြည်ကြပြီ။ သူ၏ပြည်ကို ဖျက်ဆီးကြပြီ။ သူ၏မြို့တို့သည် မီးလောင်သောကြောင့်၊ အဘယ်သူမျှ မနေရ။

16. နောဖမြို့သားနှင့် တာပနက်မြို့သားတို့သည် သင်၏ဦးထိပ်ကို စားကြပြီ။

17. သင့်ကိုပို့ဆောင်တော်မူသော သင်၏ဘုရားသခင် ထာဝရဘုရားကို သင်သည်စွန့်သောကြောင့်၊ ထိုသို့သော အပြစ်ရောက်သည် မဟုတ်လော။

18. ယခုမှာ သင်သည် ရှိဟောရမြစ်ရေကို သောက် အံ့သောငှါ၊ အဲဂုတ္တုလမ်းသို့ အဘယ်ကြောင့် လိုက်သနည်း။ ဥဖရတ်မြစ်ရေကို သောက်အံ့သောငှါ၊ အာရှုရိ လမ်းသို့ အဘယ်ကြောင့် လိုက်သနည်း။

19. သင်၏ ဒုစရိုက်သည် သင့်ကိုဆုံးမမည်။ သင်၏ ဖောက်ပြန်ခြင်းသည် သင့်ကို အပြစ်ပေးမည်။ သို့ဖြစ်၍ သင်၏ဘုရားသခင် ထာဝရဘုရားကို စွန့်ပစ်သောအမှု၊ ငါ့ကိုမကြောက်ဘဲ နေသောအမှုသည်၊ မကောင်းသော အမှု၊ ခါးသောအမှုဖြစ်သည်ကို သိမြင်ရမည်ဟု ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့်တော်မူ၏။

20. ရှေးကာလ၌ သင်ထမ်းရသော ထမ်းဘိုး၊ သင်၌ ချည်သော နှောင်ဖွဲ့ခြင်းကို ငါချိုးချွတ်၍ သင်က၊ အကျွန်ုပ်သည် မမှားယွင်းဘဲ နေပါမည်ဟု ဂတိထားသော်လည်း၊ မြင့်သောတောင်ရှိသမျှ အပေါ်၌၎င်း၊ စိမ်းသောသစ်ပင်ရှိသမျှအောက်၌၎င်း၊ ကိုယ်ကိုချ၍ ပြည်တန်ဆာလုပ်လေ၏။

21. အကောင်းဆုံးသော စပျစ်နွယ်ပင်အမျိုးစစ် ဖြစ်သော သင့်ကို ငါစိုက်ပျိုးသော်လည်း၊ သင်သည် ငါ့ရှေ့မှာ အဘယ်မျှလောက် ဖောက်ပြန်၍၊ အမျိုးမစစ်သော စပျစ်နွယ်ပင်ဖြစ်ပါသည်တကား။

22. သင်သည် ပေါက်ဆပ်ပြာနှင့် ရေချိုး၍၊ ချက်သော ဆပ်ပြာအများကို သုံးသော်လည်း၊ သင်၏အပြစ်သည် ငါ့ရှေ့မှာထင်ရှားသည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။

23. သင်ကလည်း၊ ငါသည် ညစ်ညူးခြင်းမရှိ၊ ဗာလဘုရားတို့ နောက်သို့မလိုက်ဟု အဘယ်သို့ ဆိုနိုင်သနည်း။ ချိုင့်၌ သင်လိုက်သော လမ်းကိုကြည့်ရှုလော့။ သင်ပြုသော အမှုတို့ကို ဝန်ခံလော့။ လျင်မြန်စွာ ပြေး၍ လှည့်လည်တတ်သော ကုလားအုပ်မပါတကား။

24. တော၌ လှည့်လည်၍ ကိလေသာရာဂစိတ်နှင့် လေကိုရှူတတ်သော မြည်းရိုင်းမပါတကား။ အချိန်ရောက် သောအခါ အဘယ်သူ ဆီးတားနိုင်သနည်း။ သူ့ကိုရှာအံ့သောငှါ အဘယ်သူမျှ ပင်ပန်းခြင်းကို မခံရ။ အချိန်စေ့ သောအခါ သူ့ကိုတွေ့လိမ့်မည်။

25. သင်၏ခြေနင်းကို မပျက်စေနှင့်။ ရေငတ်ခြင်းအကြောင်းကို မပြုနှင့်ဟုဆိုသော်လည်း၊ သင်ကမြော်လင့်စရာမရှိ၊ အလျှင်းမရှိ။ သူတပါးတို့ကို ငါချစ်၍၊ သူတို့နောက်သို့ လိုက်မည်ဟု ပြန်ပြော၏။

26. ဘမ်းမိသောသူခိုးသည် ရှက်သကဲ့သို့၊ ဣသရေလအမျိုး၏ ရှင်ဘုရင်၊ မင်းသား၊ ယဇ်ပုရောဟိတ်၊ ပရောဖက်နှင့်တကွ အမျိုးသားများတို့သည် ရှက်ကြ၏။

27. သစ်တုံးအား၊ ကိုယ်တော်သည် အကျွန်ုပ်အဘ ဖြစ်တော်မူ၏ဟူ၍၎င်း၊ ကျောက်အားလည်း၊ ကိုယ်တော် သည် အကျွန်ုပ် ကို ဘွားမြင်တော်မူပြီဟူ၍၎င်း ဆိုလျက်၊ စင်စစ်ငါ့ကို မျက်နှာမပြု၊ ကျောခိုင်းကြသော်လည်း၊ အမှုရောက်လျှင်မူကား၊ ထတော်မူပါ၊ အကျွန်ုပ်တို့ကို ကယ်မတော်မူပါဟု လျှောက်တတ်ကြ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယေ​ရ​မိ 2