ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယေ​ရ​မိ 19:1-11 Judson Bible (BJB)

1. ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်သည် အိုးထိန်းသမားထံသို့ သွား၍ ရေဘူးကိုယူပြီးလျှင်၊ အသက်ကြီးသောလူ၊ အသက်ကြီးသော ယဇ်ပုရောဟိတ် အချို့တို့နှင့်တကွ၊

2. ဟရသိတ်တံခါးပြင်၊ ဟိန္နုံသား၏ ချိုင့်သို့သွား၍၊ ငါမိန့်တော်မူသည်အတိုင်း ကြွေးကြော်ရမည့်စကားဟူမူကား၊

3. အိုယုဒရှင်ဘုရင်များနှင့် ယေရုရှလင်မြို့သားများတို့၊ ထာဝရဘုရား၏ အမိန့်တော်ကို နားထောင်ကြလော့။ ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သိတင်းကြားသောသူတိုင်း နားခါးသည်တိုင်အောင်၊ ငါသည် ဤအရပ်၌ ဘေးရောက်စေမည်။

4. အကြောင်းမူကား၊ သူတို့သည် ငါ့ကိုစွန့်ပစ်ကြပြီ။ ကိုယ်တိုင်မသိ၊ ဘိုးဘေးများမသိ၊ ယုဒရှင်ဘုရင်များ မသိသော တကျွန်းတနိုင်ငံ ဘုရားတို့ ရှေ့မှာ၊ ဤအရပ်၌ နံ့သာပေါင်းကို မီးရှို့သဖြင့်၊ ဤအရပ်ကို တကျွန်း တနိုင်ငံ မြေဖြစ်စေကြပြီ။ အပြစ်မရှိသော သူတို့၏ အသွေးနှင့် ဤအရပ်ကို ပြည့်စေကြပြီ။

5. ငါမစီရင်မမှာထား၊ ငါအလျှင်းအလိုမရှိသော ဝတ်တည်းဟူသော၊ ဗာလဘုရားရှေ့မှာ မိမိသားတို့ကို မီးရှို့၍၊ ပူဇော်ရာ ဝတ်ပြုခြင်းငှါ၊ ဗာလဘုရားဘို့ ကုန်းတို့ကို တည်လုပ်ကြပြီ။

6. သို့ဖြစ်၍၊ ထာဝရဘုရားမိန့်တော်မူသည်ကား၊ ထိုအရပ်ကို တောဖက်အရပ်ဟူ၍မခေါ်၊ ဟိန္နုံသား၏ ချိုင့်ဟူ၍မခေါ်၊ ကွပ်မျက်ရာ ချိုင့်ဟူ၍ခေါ်ရသော အချိန်ကာလသည် ရောက်လိမ့်မည်။

7. ယုဒပြည်သူ ယေရုရှလင်မြို့သားတို့ ကြံစည် သော အကြံအစည်ကို ဤအရပ်၌ ငါဖျက်မည်။ ရန်သူ၏ ထားဖြင့်၎င်း၊ သတ်ခြင်းငှါ ရှာသောသူ၏ လက်ဖြင့်၎င်း၊ သူတို့ကို ငါဆုံးစေမည်။ သူတို့အသေကောင် များကိုလည်း မိုဃ်းကောင်းကင်ငှက်နှင့် တောသားရဲစားစရာဘို့ ငါထားမည်။

8. ဤမြို့ကိုလည်း လူဆိတ်ညံရာ၊ ကဲ့ရဲ့သံကို ကြားရာအရပ်ဖြစ်စေမည်။ လမ်း၌ရှောက်သွားသမျှသော သူတို့သည် ဤမြို့ခံရသော ဘေးအလုံးစုံတို့ကို မြင်သောအခါ၊ အံ့ဩ၍ ကဲ့ရဲ့သံကို ပြုကြလိမ့်မည်။

9. သတ်ခြင်းငှါ ရှာကြံသောရန်သူများတို့သည် ဝိုင်း၍ တပ်တည်သဖြင့်၊ ဤသူတို့သည် ကျဉ်းကျပ်လျက် နေ၍၊ ကိုယ်သားသမီး အသားကို ငါစားစေမည်။ အချင်း ချင်းတယောက်အသားကို တယောက်စားကြလိမ့်မည်ဟု မြွက်ဆိုပြီးမှ၊

10. သင်နှင့်အတူ သွားသောသူတို့ရှေ့တွင်၊ ရေဘူးကိုခွဲလော့။

11. ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက၊ နောက်တဖန်မပြင်နိုင်အောင် ရေဘူးကို ခွဲသကဲ့သို့၊ ဤလူများနေသော ဤမြို့ကို ငါခွဲမည်။ တောဖက်အရပ်၌ သင်္ဂြိုဟ်ရာမြေမလောက်အောင် သင်္ဂြိုဟ်ကြလိမ့်မည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယေ​ရ​မိ 19