ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယေ​ရ​မိ 15:1-14 Judson Bible (BJB)

1. တဖန်ထာဝရဘုရားသည် ငါ့အားမိန့်တော်မူ သည်ကား၊ မောရှေနှင့်ရှမွေလသည် ငါ့ရှေ့မှာ ဆုတောင်း သော်လည်း၊ ဤလူမျိုးကို ငါမသနား။ ငါ့ထံမှ ထွက်သွားစေခြင်းငှါ နှင်ထုတ်လော့။

2. အကျွန်ုပ်တို့သည် အဘယ်အရပ်သို့ ထွက်သွားရ ပါမည်နည်းဟု မေးမြန်းလျှင်၊ သင်ကလည်း၊ သေတန်သော သူတို့သည် သေခြင်းသို့၎င်း၊ ကွပ်မျက်တန်သောသူတို့သည် ကွပ်မျက်ခြင်းသို့၎င်း၊ ငတ်မွတ်တန်သော သူတို့သည် ငတ်မွတ်ခြင်းသို့၎င်း၊ သိမ်းသွားချုပ်ထားတန်သော သူတို့သည် သိမ်းသွားချုပ်ထားခြင်းသို့၎င်း ထွက်သွားကြဟု ထာဝရဘုရား မိန့်တော်မူကြောင်းကို သူတို့အား ဆင့်ဆိုလော့။

3. သူတို့ကို သတ်ရသောထား၊ ဆွဲဖြတ်ရသောခွေး၊ ကိုက်စားရသော မိုဃ်းကောင်းကင်ငှက်နှင့် သားရဲတည်း ဟူသော ရန်သူလေးမျိုးကို သူတို့တဘက်၌ ငါခန့်ထားမည်။

4. ယုဒရှင်ဘုရင်ဟေဇက်သား မနာရှေမင်းသည် ယေရုရှလင်မြို့၌ ပြုသောအမှုကြောင့်၊ ထိုသူတို့ကို မြေကြီးပေါ်မှာ အတိုင်းတိုင်းအပြည်ပြည်တို့၌ အနှောင့်အရှက် ကို ခံစေမည်။

5. အို ယေရုရှလင်မြို့၊ သင့်ကို အဘယ်သူသနား လိမ့်မည်နည်း။ သင်နှင့်အတူ အဘယ်သူ ညည်းတွားလိမ့် မည်နည်း။ သင့်ကိုကျန်းမာ၏လောဟု မေးအံ့သောငှါ၊ အဘယ်သူ လမ်းလွှဲလိမ့်မည်နည်း။

6. ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်သည် ငါ့ကို စွန့်ပစ်၍ ဆုတ်သွားပြီ။ ထိုကြောင့်၊ ငါသည် လက်ကို ဆန့်၍ သင့်ကို ဖျက်ဆီးမည်။ ငါသည် နောင်တရ၍ ငြီးငွေ့ပြီ။

7. ပြည်တံခါးဝ၌ သူတို့ကို စံကောနှင့်ငါလှေ့မည်။ သူတို့သားသမီးများကို ငါရှုံးစေမည်။ ငါ၏ လူမျိုးသည် မိမိလိုက်သွားသော လမ်းမှမပြန်လာသောကြောင့်၊ သူတို့ကို ငါဖျက်ဆီးမည်။

8. သူတို့မုတ်ဆိုးမတို့သည် သမုဒ္ဒရာသဲလုံးနှင့် အမျှမက၊ ငါ့ရှေ့မှာ များပြားကြလိမ့်မည်။ မွန်းတည့် အချိန်၌ အမိကို တိုက်ဖျက်သော လုလင်ကို ငါခေါ်ခဲ့၍၊ ကြောက်မက်ဘွယ်သော လုပ်ကြံခြင်းကို ချက်ခြင်းဖြစ်စေမည်။

9. သားခုနစ်ယောက်ကို ဘွားမြင်သော မိန်းမသည် အားလျော့၍ အသက်ချုပ်လေ၏။ ညအချိန်မရောက်မှီ သူ၏နေဝင်လေ၏။ သူသည် ရှက်ကြောက် မှိုင်တွေလျက်နေရ၏။ ကျန်ကြွင်းသော သူတို့ကိုလည်း၊ ရန်သူတို့ရှေ့မှာ၊ ထား၌ ငါအပ်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။

10. အို မိခင်၊ ငါ၌ အမင်္ဂလာရှိ၏။ မိခင်သည် တပြည်လုံးရန်တွေ့ သောသူ၊ ငြင်းဆန်သောသူဖြစ်သော ငါ့ကို ဘွားမြင်ပါပြီ။ ငါသည် သူတပါး ကိုအတိုးနှင့်မချေး။ သူတပါးသည်လည်း ငါ့ကိုအတိုးနှင့်မချေး။ သို့သော် လည်း၊ လူခပ်သိမ်းတို့သည် ငါ့ကိုကျိန်ဆဲ တတ်ကြ၏။

11. ထာဝရဘုရား မိန့်တော်မူသည်ကား၊ အကယ် စင်စစ်သင့်ကို ငါချမ်းသာပေးမည်။ အမှုရောက်သော ကာလ၊ ညှဉ်းဆဲခြင်းကို ခံရသော ကာလ၌၊ ရန်သူသည် သင့်ထံမှာ တောင်ပန်းမည်အကြောင်း၊ အကယ်စင်စစ် ငါစီရင်မည်။

12. သံချင်းတိုက်သောအခါ မြောက်ပြည်သံကို၎င်း၊ သံမဏိကို၎င်း ချိုးနိုင်သလော။

13. သင်၏ပြည်တရှောက်လုံး၌ သင်ပြုသော အပြစ် များကြောင့်၊ သင်၏ဥစ္စာဘဏ္ဍာကို အဘိုးမခံဘဲ လုယူ သော သူတို့လက်သို့ ငါပေးမည်။

14. သင်မသိသောပြည်သို့ ရန်သူနှင့်အတူ သင့်ကို ငါသွားစေမည်။ သင်တို့ကို လောင်သောမီးသည် ငါ့ အမျက်အားဖြင့် ရှို့လျက်ရှိ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယေ​ရ​မိ 15