ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယေ​ဇ​ကျေ​လ 46:8-19 Judson Bible (BJB)

8. မင်းသားဝင်သောအခါ အရှေ့တံခါးမုတ်ဖြင့် ဝင်ရမည်။ ထိုတံခါးမုတ်ဖြင့်လည်း ထွက်ရမည်။

9. ပြည်သူပြည်သားတို့သည် ဓမ္မပွဲခံချိန်ကာလ၌၊ ထာဝရဘုရားရှေ့တော်သို့ ဝင်သောအခါ၊ ဦးညွတ်ချခြင်းငှါ မြောက်တံခါးဖြင့် ဝင်သောသူသည်တောင်တံခါးဖြင့် ထွက်ရမည်။ တောင်တံခါးဖြင့် ဝင်သောသူသည် မြောက် တံခါးဖြင့် ထွက်ရမည်။ ဝင်သောတံခါးဖြင့် မထွက်ရ။ ဝင်သောတံခါးတဘက်တချက်၌ရှိသော တံခါးဖြင့် ထွက်ရမည်။

10. ပြည်သားတို့တွင် မင်းသားဖြစ်သောသူသည် သူတို့ဝင်သောအခါ ဝင်ရမည်။ သူတို့ထွက်သောအခါ ထွက်ရမည်။

11. ပွဲခံ၍ ပရိသတ်စည်းဝေးရာ ကာလ၌ ဘောဇဉ်ပူဇော်သက္ကာဘို့၊ နွားတကောင်နှင့် မုန့်ညက်တဧဖါ၊ သိုး တကောင်နှင့် တဧဖါ၊ သိုးသငယ်နှင့် အလိုရှိသမျှကို၎င်း၊ မုန့်ညက် တဧဖါနှင့် ဆီတဟိန်ကို၎င်း ပူဇော်ရမည်။

12. မင်းသားသည် အလိုလိုပြုသော မီးရှို့ရာယဇ်၊ မိဿဟာယယဇ်ကို မိမိအလိုအလျောက် ထာဝရဘုရား အား ပူဇော်သက္ကာပြုသောအခါ၊ အရှေ့သို့မျက်နှာပြုသော တံခါးကိုဖွင့်ရမည်။ သူသည်ဥပုသ်နေ့၌မီးရှို့ရာ ယဇ်၊ မိဿဟာယယဇ်ကို ပူဇော်သကဲ့သို့ ပူဇော်ရမည်။ ပူဇော်ပြီးမှ ထွက်သွား၍ တံခါးကို ပိတ်ထားရမည်။

13. နေ့တိုင်းအစဉ်၊ ထာဝရဘုရားအား မီးရှို့ရာယဇ်ဘို့ အပြစ်မပါ၊ အခါမလည်သော သိုးသငယ်တကောင်ကို နံနက်အချိန်၌ ပူဇော်ရမည်။

14. နံနက်တိုင်းအစဉ်၊ ထိုသိုးသငယ်နှင့်အတူ ဘောဇဉ်ပူဇော်သက္ကာဘို့ မုန့်ညက်တဧဖါတွင် ခြောက်စု တစုကို၎င်း၊ မုန့်ညက်နှင့်ရောရသော ဆီလေးလောဃကို၎င်း ပူဇော်ရမည်။ ဤရွှေ့ကား၊ထာဝရဘုရားအား အစဉ် အမြဲပြုရသော ဘောဇဉ်ပူဇော်သက္ကာတရားပေတည်း။

15. ထိုသို့မီးရှို့ရာယဇ်ကို နံနက်တိုင်း အစဉ်မပြတ် ပူဇော်စရာဘို့ သိုးသငယ်ကို၎င်း၊ ဘောဇဉ်ပူဇော်သက္ကာနှင့် ဆီကို၎င်း ပြင်ဆင်ရမည်။

16. အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ မင်းသားသည် မိမိသား၌ လက်ဆောင်တစုံတခုကို ပေးလျှင်၊ ထိုလက်ဆောင်သည် အမွေဥစ္စာဖြစ်၍၊ သားတော်သည် အမွေခံလျက် သိမ်းယူရမည်။

17. မိမိကျွန်၌ အမွေဥစ္စာလက်ဆောင်တစုံတခုကို ပေးလျှင်မူကား၊ လွတ်ရာနှစ်သက္ကရာဇ်တိုင်ရုံမျှသာ ထိုကျွန်သည် ပိုင်ရမည်။ နောက်မှ မင်းသားလက်သို့ ပြန်ရောက်ရမည်။ သားမူကား၊ အစဉ်အမြဲ အမွေခံရမည်။

18. ထိုမှတပါး၊ မင်းသားသည်ပြည်သားအမွေမြေကို အနိုင်အထက် ယူ၍ မြေရှင်ကိုမနှင်ထုတ်ရ။ မိမိပိုင်သော မြေထဲကမိမိသားတို့အား အမွေပေးရမည်။ ငါ၏လူတို့သည် မိမိတို့ပိုင်သော အမွေမြေ၌ မနေရဘဲ အရပ်ရပ်သို့ ကွဲပြားစေခြင်းငှါ မပြုရ။

19. ထိုနောက်မှ တံခါးအနား၌ရှိသော ဝင်ဝဖြင့် ငါ့ကို ဆောင်သွား၍၊ မြောက်သို့မျက်နှာပြုသော ယဇ်ပုရောဟိတ် သန့်ရှင်းသော အခန်းများထဲသို့ သွင်းသဖြင့်၊ အနောက်ဘက်၌ရှိသော အရပ်တခုကို ငါမြင်၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယေ​ဇ​ကျေ​လ 46