ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယေ​ဇ​ကျေ​လ 43:6-22 Judson Bible (BJB)

6. အရင်လူသည် ငါ့အနားမှာရပ်နေလျက်၊ အိမ်တော်ထဲက ငါ့အား မိန့်တော်မူသောအသံကို ငါကြားသည်ကား၊

7. အချင်းလူသား၊ ဤအရပ်သည် ငါ့ပလ္လင်တည်ရာ အရပ်၊ ငါ့ခြေဘဝါးနင်းမြဲအရပ်၊ ဣသရေလအမျိုးသားတို့တွင် အစဉ်အမြဲငါ့နေရာအရပ် ဖြစ်၏။ ဣသရေလ ရှင်ဘုရင်များနှင့် အမျိုးသားတို့သည် မှားယွင်းခြင်းအား ဖြင့်၎င်း၊ ရှင်ဘုရင်၏အသေကောင်အားဖြင့်၎င်း၊ မြင့်ရာ အရပ်တို့၌ငါ၏နာမတော်မြတ်ကို နောက်တဖန် မရှုတ်ချရကြ။

8. သူတို့တံခါးခုံကိုလည်း ငါ့တံခါးခုံအနားမှာ၎င်း၊ သူတို့တိုင်ကိုလည်း ငါ့တိုင်အနားမှာ၎င်း တည်စိုက်လျက်၊ ငါနှင့်သူတို့စပ်ကြားမှာ နံရံတခတည်းသာရှိလျက်၊ သူတို့ ပြုမိသောစက်ဆုပ်ရွံရှာဘွယ်အမှုတို့ဖြင့်၊ ငါ၏နာမတော် မြတ်ကို ရှုတ်ချသောကြောင့်၊ ငါသည်အမျက်ထွက်၍ သူတို့ကို ဖျက်ဆီးပြီ။

9. ယခုမူကား၊ သူတို့မှားယွင်းခြင်းအမှုများနှင့် ရှင်ဘုရင်၏အသေကောင်များကို ငါမှဝေးစွာ ပယ်ရှားကြစေ။ ငါသည်လည်း သူတို့တွင် အစဉ်အမြဲနေမည်။

10. အချင်းလူသား၊ ဣသရေလအမျိုးသားတို့သည် ကိုယ်ဒုစရိုက်အပြစ်ကြောင့် ရှက်ကြောက်စေခြင်းငှါ အိမ်တော်ကိုပြလော့။ အိမ်တော်ပုံကို သူတို့ တိုင်းကြစေလော့။

11. သူတို့သည် ကိုယ်ပြုမိသောအမှုများကြောင့် အမှန်ရှက်ကြောက်လျှင်၊ အိမ်ပုံသဏ္ဌာန်နှင့် ထွက်ရာ ဝင်ရာတံခါးဝများ၊ ကျင့်ရသမျှသောထုံးစံများ၊ စီရင်ထုံးဖွဲ့ချက်တရား အလုံးစုံတို့ကိုပြလော့။ သူတို့သည် ထုံးစံများနှင့် စီရင်ထုံးဖွဲ့ချက်အလုံးစုံတို့ကို ကျင့်စောင့်စေခြင်းငှါ သူတို့ရှေ့မှာ ရေးထားလော့။

12. တောင်ထိပ်ပေါ်မှာတည်သော အိမ်တော်၏ ကရားဟူမူကား၊ အိမ်တော်နယ်နိမိတ်ရှိသမျှတို့သည် အလွန်သန့်ရှင်းရကြမည်။ ဤရွေ့ကား၊ အိမ်တော်၏ တရားပေတည်း။

13. ယဇ်ပလ္လင်အတိုင်းအရှည်ကား၊ သံတောင်ဖြင့် တိုင်းလျှင်၊ ဘိနပ်အမြင့်တတောင်၊ အကျယ်တတောင်၊ ပတ်လည်အနားပတ် အကျယ်တထွာရှိ၍၊ ယဇ်ပလ္လင် ပြင်ဘက်၌ တည်ရ၏။

14. အောက်အထစ်သည် မြေနှင့်နှစ်တောင်ကွာ၍ အကျယ်တတောင်ရှိရမည်။ ငယ်သောအထစ်နှင့် ကြီးသောအထစ်သည် လေးတောင်ကွာ၍ အကျယ်တတောင် ရှိရမည်။

15. ယဇ်ပလ္လင်အမြင့်သည်လည်း လေးတောင်ရှိရမည်။ ဦးချိုလေးချောင်းလည်း တက်ရမည်။

16. ယဇ်ပလ္လင်သည် စတုရန်းဖြစ်၍၊ အလျား တဆယ်နှစ်တောင်၊ အနံလည်း တဆယ်နှစ်တောင် ရှိရမည်။

17. အောက်အထစ်သည်လည်း စတုရန်းဖြစ်၍ အလျား တဆယ်လေးတောင်၊ အနံလည်းတဆယ် လေးတောင်ရှိရမည်။ အနားပတ်သည်လည်း အကျယ် တထွာရှိရမည်။ ဘိနပ်သည်ယဇ်ပလ္လင်ပတ်လည်၌ တတောင်ထွက်၍၊ တက်ရာလမ်းသည် အရှေ့သို့ မျက်နှာပြုရမည်။

18. တဖန်အချင်းလူသား၊ အရှင်ထာဝရဘုရား မိန့်တော်မူသည်အတိုင်း၊ မီးရှို့ရာယဇ်ကိုပူဇော်၍ အသွေးကိုဖျန် ဘို့ရာ၊ ယဇ်ပလ္လင်ကိုတည်သောနေ့၌ ကျင့်ရသောတရားဟူမူကား၊

19. အမှုတော်ကိုဆောင်၍ ငါ့ထံသို့ ချဉ်းကပ်သော လေဝိအမျိုး၊ ဇာဒုတ်သားယဇ်ပုရောဟိတ်တို့အား အပြစ် ဖြေရာယဇ်ဘို့၊ ပျိုသောနွားထီးတကောင်ကို အပ်ရမည်။

20. နွားအသွေးအချို့ကိုယူ၍ ယဇ်ပလ္လင်ဦးချို လေးချောင်း၊ အထစ်လေးထောင့်၊ အနားပတ်ကိုလူးသောအားဖြင့် သန့်ရှင်းစင်ကြယ်စေရမည်။

21. အပြစ်ဖြေရာ ယဇ်ဘို့နွားကောင်ကို ယူ၍ သန့်ရှင်းရာဌာနပြင်၊ ဗိမာန်တော်အတွင်းတွင် ခန့်ထားသော အရပ်၌မီးရှို့ရမည်။

22. ဒုတိယနေ့၌လည်း အပြစ်မရှိသော ဆိတ်သငယ်ကို ယူ၍၊ အပြစ်ဖြေရာ ယဇ်ဘို့ပူဇော်ရမည်။ ယဇ်ပလ္လင် ကို နွားအသွေးနှင့်သန့်ရှင်းစေသကဲ့သို့ ဆိတ်အသွေးနှင့် သန့်ရှင်းစေရမည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယေ​ဇ​ကျေ​လ 43