1. သို့ဖြစ်၍၊ အချင်းလူသား၊ ဂေါဂတဘက်၌ ပရောဖက်ပြု၍ အရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုရမည်မှာ၊ ရောရှ၊ မေရှက်၊ တုဗလပြည်တို့ကို အစိုးရသောအိုဂေါဂမင်း၊ ငါသည်သင့်တဘက်၌ နေ၏။
2. သင့်ကို ငါလှည့်၍ သွေးဆောင်မည်။ မြောက်မျက်နှာမှ ချီလာ၍ ဣသရေလတောင်တို့အပေါ်သို့ ရောက်စေမည်။
3. ထိုအခါ သင့်လက်ဝဲလက်မှ လေးကို၎င်း။ လက်ျာလက်မှ မြှားတို့ကို၎င်း၊ ငါရိုက်၍ကျစေမည်။
4. သင်နှင့်သင်၌ပါသော တပ်သားအပေါင်းတို့သည် ဣသရေလတောင်တို့အပေါ်မှာ လဲ၍သေကြလိမ့်မည်။ သင့်ကို အမျိုးမျိုးသော ငှက်ရဲ၊ သားရဲတို့ကိုက်စား စရာဘို့ ငါအပ်မည်။
5. သင်သည် လွင်ပြင်၌ လဲ၍သေလိမ့်မည်။ ငါပြောပြီဟု အရှင်ထာဝရဘုရားမိန့်တော်မူ၏။
6. မာဂေါဂပြည်နှင့် ပင်လယ်ကမ်းနားမှာ ငြိမ်ဝပ်စွာနေသော သူတို့အပေါ်သို့ မီးကိုငါလွှတ်လိုက်၍၊ ငါသည်ထာဝရဘုရားဖြစ်ကြောင်းကို သိရကြလိမ့်မည်။
7. ထိုသို့ငါ၏ နာမမြတ်ကိုငါ၏ လူဣသရေလ အမျိုးသားတို့တွင် ထင်ရှားစေမည်။ နောက်တဖန်သူတို့ သည် ငါ၏နာမမြတ်ကိုမရှုတ်ချရကြ။ ငါသည်ဣသရေလ အမျိုး၏ သန့်ရှင်းသောဘုရား၊ ထာဝရဘုရားဖြစ်ကြောင်းကို တပါးအမျိုးသားတို့သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။
8. တဖန်အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ အမှုရောက်လေပြီ။ ပြည့်စုံလေပြီ။ ယခုနေ့ရက်သည် ငါမိန့်မြွက်နှင့်ပြီးသော နေ့ရက်ဖြစ်၏။