ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယေ​ဇ​ကျေ​လ 38:1-13 Judson Bible (BJB)

1. တဖန်ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊

2. အချင်းလူသား၊ ရောရှပြည်၊ မေရှက်ပြည်၊ တုဗလပြည်ကို အစိုးရသော မာဂေါဂပြည်သား ဂေါဂမင်းတဘက်၌ မျက်နှာထား၍ ပရောဖက်ပြုလျက်၊

3. အရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုရမည်မှာ၊ ရောရှ၊ မေရှက်၊ တုဗလပြည်တို့ကို အစိုးရသော အိုဂေါဂမင်း၊ သင့်တဘက်၌ ငါနေ၏။

4. သင့်ကို ငါပြန်လာစေမည်။ သင့်ပါးရိုးကို သံချိတ်နှင့်ချိတ်ပြီးလျှင်၊ သင်မှစ၍ထူးဆန်းသော လက်နက်စုံ အမျိုးမျိုးကို ဆောင်သောသူ၊ ဒိုင်းလွှားပါ၍ ထားကို လက်စွဲသောလူအလုံးအရင်းများနှင့် မြင်း၊ မြင်းစီးသူရဲ ဗိုလ်ခြေ အပေါင်းတို့ကို ငါဆောင်ခဲ့မည်။

5. အသီးအသီး ဒိုင်လွှားကိုင်၍ သံခမောက်လုံးကို ဆောင်းသောပေရသိပြည်သား၊ ကုရှပြည်သား၊ ဖုတပြည်သား၊

6. ဂေါမာနှင့်သူ၏တပ်များ၊ မြောက်ပြည်သား တောဂါမအမျိုးနှင့် သူ၏တပ်များအလုံးအရင်း အပေါင်းတို့သည် သင်နှင့်အတူ လိုက်လာကြလိမ့်မည်။

7. သင်သည် မိမိ၌ စုဝေးသောလူအလုံးအရင်းများနှင့်တကွ ကိုယ်ကိုပြင်ဆင်လော့။ ပြင်ဆင်လျက်နေလော့။ သူတို့ကို စောင့်လျက်နေလော့။

8. ကြာမြင့်စွာ ကာလလွန်ပြီးမှ သင်သည် အုပ်ချုပ်ရသောအခွင့်ရှိလိမ့်မည်။ ထားဘေးနှင့်လွတ်၍ လူအမျိုးမျိုးထဲက နှုတ်သောပြည်သား၊ ကြာမြင့်စွာ ဆိတ်ညံလျက်နေသော ဣသရေလတောင်တို့အပေါ်သို့၊ တဖန်ဆောင်ခဲ့သော ပြည်သားတို့ရှိရာသို့ နောင်ကာလ၌ သင်သည် စစ်ချီ၍လာလိမ့်မည်။ ထိုပြည်သားတို့သည် လူအမျိုးမျိုးထဲက နှုန်ဆောင်သောသူဖြစ်၍၊ တပြည်လုံး ငြိမ်ဝပ်လျက်ရှိနေသောအခါ၊

9. သင်သည်မိုဃ်းသက်မုန်တိုင်းကဲ့သို့တက်လာ၍၊ သင်၌ ပါသောသမျှသော တပ်သားအလုံးအရင်းနှင့်တကွ၊ ထိုပြည်ကို မိုဃ်းအုံ့သကဲ့သို့ ဖြစ်လိမ့်မည်။

10. အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထိုအခါ သင်သည် အရာရာတို့ကို အောက်မေ့၍ မကောင်းသော အကြံကိုကြံစည်လျက်၊

11. ရွာဇနပုဒ်များသောပြည်၊ မြို့ရိုးမရှိ၊ တံခါးကျင်နှင့်တံခါးမရှိ၊ စိုးရိမ်စရာအကြောင်းအလျှင်းမရှိ၊ ငြိမ်ဝပ်သောပြည်သားတို့ရှိရာသို့ ငါချီသွား၍၊

12. သူတို့ဥစ္စာကို လုယက်သိမ်းယူမည်။ အရင်ဆိတ်ညံ၍ ယခုလူနေသောအရပ်တို့ကို၎င်း၊ လူအမျိုးမျိုးထဲက စုဝေးသဖြင့် တိရစ္ဆာန်များနှင့် ဥစ္စာများကိုရတတ်၍၊ ပြည်အလယ်၌နေသောသူတို့ကို၎င်း တိုက်မည်ဟု ကြံစည်လိမ့်မည်။

13. ရှေဘပြည်သား၊ ဒေဒန်ပြည်သား၊ တာရှုကုန်သည်များ၊ ခြင်္သေ့ပျိုယူခြင်းငှါ လာသလော။ သူ့ ဥစ္စာကို ဝေငှ၍၎င်း သိမ်းသွားလျက်၊ များစွာသော လုယက်ဖျက်ဆီးခြင်းငှါ အပေါင်းအသင်းကို စုဝေးစေပြီလောဟု မေးမြန်းကြလိမ့်မည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယေ​ဇ​ကျေ​လ 38