ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယေ​ဇ​ကျေ​လ 37:7-22 Judson Bible (BJB)

7. မှာထားတော်မူသည်အတိုင်း ငါသည် ပရောဖက်ပြု၏။ ပရောဖက်ပြုစဉ်တွင် အသံမြည်၏။ လှုပ်ရှားခြင်းလည်း ရှိ၏။ အရိုးတို့သည် တခုအနီးသို့တခု ချဉ်းကြ၏။

8. ငါကြည့်ရှုစဉ်တွင် အကြောတို့သည်ပေါ်လာ၍ အသားလည်း တတ်၏။ အရေလည်းဖုံးလွှမ်း၏။ သို့ရာတွင်၊ အသက်မရှိသေး။

9. ထာဝရဘုရားကလည်း၊ အချင်းလူသား၊ လေအား ပရောဖက်ပြုလော့။ အရှင်ထာဝရဘုရား၏ အမိန့်တော်ကို လေအားဆင့်ဆိုရမည်မှာ၊ အိုလေ၊ အရပ်လေးမျက်နှာတို့မှ လာ၍၊ ဤအသေကောင်တို့သည် အသက်ရှင်မည်အကြောင်း သူတို့အပေါ်မှာ မှုတ်လော့ဟု၊

10. မှာထားတော်မူသည်အတိုင်း ငါသည် ပရောဖက်ပြု၍၊ လေသည် သူတို့အထဲသို့ဝင်သဖြင့် သူတို့သည် အသက်ရှင်၍၊ အလွန်များသော ဗိုလ်ခြေဖြစ်လျက် မတ်တတ်နေကြ၏။

11. ထာဝရဘုရားကလည်း၊ အချင်းလူသား၊ ဤအရိုးတို့သည် ဣသရေလအမျိုးအပေါင်းဖြစ်ကြ၏။ ငါတို့အရိုးများသည် သွေ့ခြောက်ကြ၏။ မြော်လင့်စရာမရှိ။ ငါတို့သည် ဆုံးရှုံးကြပြီဟု သူတို့ဆိုတတ်ကြ၏။

12. သို့ဖြစ်၍၊ ပရောဖက်ပြုလျက် အရှင်ထာဝရဘုရား၏ အမိန့်တော်ကို သူတို့အား ဆင့်ဆိုရမည်မှာ၊ အချင်းငါ၏လူတို့၊ သင်တို့သခင်္ျိုင်းတွင်းများကို ငါဖွင့်၍ သင်တို့ကို ထုတ်ပြီးလျှင် ဣသရေလပြည်သို့ ပို့ဆောင်မည်။

13. အချင်းငါ၏လူတို့၊ သင်တို့သခင်္ျိုင်းတွင်းများကို ငါဖွင့်၍သင်တို့ ကို ထုတ်ပြီးလျှင်၊

14. အသက်ရင်စေခြင်းငှါ ငါသည် ကိုယ်အသက်ကို သွင်းပေး၍၊ သင်တို့ကို နေရင်းပြည်၌ နေရာချသောအခါ၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့သိရကြလိမ့်မည်။ ငါထာဝရဘုရားပြောသည်အတိုင်း ပြည့်စုံကြောင်းကိုလည်း သိရကြလိမ့်မည်ဟု ထာဝရဘုရားမိန့်တော်မူ၏။

15. တဖန်ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာ၍၊

16. အချင်းလူသား၊ တုတ်တချောင်းကိုယူ၍၊ ယုဒ အမျိုးနှင့် သူ၏အပေါင်းအဘော် ဣသရေလ အမျိုးသားအဘို့ ဟု ရေးမှတ်လော့။ တဖန် တုတ်တချောင်းကိုယူ၍၊ ယောသပ်အမျိုးနှင့်သူ၏ အပေါင်းအဘော် ဣသရေလ အမျိုးသားများအဘို့၊ ဧဖရိမ်တုတ်ပေတည်းဟု ရေးမှတ်လော့။

17. ထိုတုတ်နှစ်ချောင်းကို တချောင်းတည်းဖြစ်စေခြင်းငှါ ပူးထား၍၊ ထိုတချောင်းတည်းသော တုတ်ကို လက်စွဲလော့။

18. သင်၏အမျိုးသားချင်းတို့က၊ ထိုသို့ပြုသော်၊ အဘယ်သို့ဆိုလိုသည်ကို ငါတို့အားမပြောသင့်သလောဟု မေးလျှင်၊

19. အရှင်ထာဝရဘုရား၏ အမိန့်တော်ကိုသူတို့အား ဆင့်ဆိုရမည်မှာ၊ ဧဖရိမ်ကိုင်သော ယောသပ်၏ တုတ်နှင့်၊ သူ၏အပေါင်းအဘော် ဣသရေလအမျိုးအနွယ်တို့ကိုငါယူ၍ ယုဒတုတ်နှင့်အတူ ပူးထားပြီးလျှင်၊ တချောင်းတည်းဖြစ်သော တုတ်ကိုငါလက်စွဲမည်ဟု ဆင့်ဆိုလျက်၊

20. သင်ရေးမှတ်သော ထိုတုတ်ကိုသူတို့မျက်မှောက်၌ လက်စွဲလျက်နေလော့။

21. အရှင်ထာဝရဘုရား၏ အမိန့်တော်ကိုလည်း ဆင့်ဆိုရမည်မှာ၊ ဣသရေလအမျိုးသားတို့ရောက်သော တပါး အမျိုးသားနေရာအရပ်ရပ်တို့မှ သူတို့ကိုငါခေါ်ခဲ့၍ စုဝေးစေပြီးလျှင်၊ သူတို့ကို နေရင်းပြည်သို့ ပို့ဆောင်မည်။

22. ထိုပြည်တွင် ဣသရေလတောင်တို့အပေါ်၌ လူတမျိုးတည်းဖြစ်စေ၍၊ ရှင်ဘုရင်တပါးတည်းသာလျှင် ထိုသူအပေါင်းတို့ကို စိုးစံရလိမ့်မည်။ နောင်တဖန် သူတို့သည် လူနှစ်မျိုးမဖြစ်ရ။ နှစ်တိုင်းနှစ်ပြည်ကွဲပြားလျက် မရှိရ။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယေ​ဇ​ကျေ​လ 37