ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယေ​ဇ​ကျေ​လ 37:16-28 Judson Bible (BJB)

16. အချင်းလူသား၊ တုတ်တချောင်းကိုယူ၍၊ ယုဒ အမျိုးနှင့် သူ၏အပေါင်းအဘော် ဣသရေလ အမျိုးသားအဘို့ ဟု ရေးမှတ်လော့။ တဖန် တုတ်တချောင်းကိုယူ၍၊ ယောသပ်အမျိုးနှင့်သူ၏ အပေါင်းအဘော် ဣသရေလ အမျိုးသားများအဘို့၊ ဧဖရိမ်တုတ်ပေတည်းဟု ရေးမှတ်လော့။

17. ထိုတုတ်နှစ်ချောင်းကို တချောင်းတည်းဖြစ်စေခြင်းငှါ ပူးထား၍၊ ထိုတချောင်းတည်းသော တုတ်ကို လက်စွဲလော့။

18. သင်၏အမျိုးသားချင်းတို့က၊ ထိုသို့ပြုသော်၊ အဘယ်သို့ဆိုလိုသည်ကို ငါတို့အားမပြောသင့်သလောဟု မေးလျှင်၊

19. အရှင်ထာဝရဘုရား၏ အမိန့်တော်ကိုသူတို့အား ဆင့်ဆိုရမည်မှာ၊ ဧဖရိမ်ကိုင်သော ယောသပ်၏ တုတ်နှင့်၊ သူ၏အပေါင်းအဘော် ဣသရေလအမျိုးအနွယ်တို့ကိုငါယူ၍ ယုဒတုတ်နှင့်အတူ ပူးထားပြီးလျှင်၊ တချောင်းတည်းဖြစ်သော တုတ်ကိုငါလက်စွဲမည်ဟု ဆင့်ဆိုလျက်၊

20. သင်ရေးမှတ်သော ထိုတုတ်ကိုသူတို့မျက်မှောက်၌ လက်စွဲလျက်နေလော့။

21. အရှင်ထာဝရဘုရား၏ အမိန့်တော်ကိုလည်း ဆင့်ဆိုရမည်မှာ၊ ဣသရေလအမျိုးသားတို့ရောက်သော တပါး အမျိုးသားနေရာအရပ်ရပ်တို့မှ သူတို့ကိုငါခေါ်ခဲ့၍ စုဝေးစေပြီးလျှင်၊ သူတို့ကို နေရင်းပြည်သို့ ပို့ဆောင်မည်။

22. ထိုပြည်တွင် ဣသရေလတောင်တို့အပေါ်၌ လူတမျိုးတည်းဖြစ်စေ၍၊ ရှင်ဘုရင်တပါးတည်းသာလျှင် ထိုသူအပေါင်းတို့ကို စိုးစံရလိမ့်မည်။ နောင်တဖန် သူတို့သည် လူနှစ်မျိုးမဖြစ်ရ။ နှစ်တိုင်းနှစ်ပြည်ကွဲပြားလျက် မရှိရ။

23. နောက်တဖန် သူတို့ရုပ်တုများ၊ စက်ဆုပ်ရွံရှာဘွယ်သော အမှုများ၊ လွန်ကျူးခြင်းအမှုများနှင့် ကိုယ်ကို မညစ်ညူးစေရကြ။ သူတို့ပြစ် မှားလေရာရာ အရပ်တို့မှ ငါကယ်နှုတ်၍ သန့်ရှင်းစေမည်။ သူတို့သည် ငါ၏ လူဖြစ်ကြလိမ့်မည်။ ငါသည်လည်း သူတို့၏ဘုရားသခင် ဖြစ်မည်။

24. ငါ၏ကျွန်ဒါဝိဒ်သည် သူတို့၏ရှင်ဘုရင်ဖြစ်၍၊ ထိုသူအပေါင်းတို့သည် သိုးထိန်းတဦးတည်း ရှိကြလိမ့်မည်။ ငါစီရင်ထုံးဖွဲ့ချက် တရားလမ်းသို့ လိုက်၍ စောင့်ရှောက်ကြလိမ့်မည်။

25. ငါ၏ကျွန်ယာကုပ်အား ငါပေး၍၊ သင်တို့ ဘိုးဘေးများနေဘူးသော ပြည်၌ သူတို့နှင့် သားမြေး အစဉ်အဆက်တို့သည် နေကြလိမ့်မည်။ ငါ၏ကျွန်ဒါဝိဒ်သည်လည်း သူတို့ကို အစဉ်အမြဲစိုးစံလိမ့်မည်။

26. ထိုမှတပါး၊ သူတို့နှင့်မိဿဟာယ ပဋိညာဉ်ကို ငါဖွဲ့၍၊ ထိုပဋိညာဉ်သည် နိစ္စထာဝရပဋိညာဉ် ဖြစ်လိမ့်မည်။ သူတို့ကိုနေရာချ၍ များပြားစေမည်။ ငါ၏ သန့်ရှင်းရာဌာနကို သူတို့အလယ်၌ အစဉ်အမြဲထားမည်။

27. ငါ၏ဗိမာန်တော်သည်လည်း သူတို့၌ရှိ၍၊ ငါသည် သူတို့၏ ဘုရားသခင်ဖြစ်မည်။ သူတို့သည်လည်း ငါ၏လူဖြစ်လိမ့်မည်။

28. ထိုသို့ငါ၏ သန့်ရှင်းရာဌာနသည် သူတို့အလယ်၌အစဉ်အမြဲတည်သောအခါ၊ ငါထာဝရဘုရားသည် ဣသရေလအမျိုးကို သန့်ရှင်းစေသည်ဟု တပါးအမျိုးသားတို့သည် သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယေ​ဇ​ကျေ​လ 37