ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယေ​ဇ​ကျေ​လ 36:9-22 Judson Bible (BJB)

9. ငါသည်သင်တို့ဘက်၌နေ၍ သင်တို့ရှိရာသို့ ပြန်လာသဖြင့်၊ သင်တို့အပေါ်မှာ လယ်လုပ်၍ မျိုးစေ့ကြဲကြလိမ့်မည်။

10. သင်တို့အပေါ်မှာ လူများတည်းဟူသော ဣသရေလအမျိုးသား အပေါင်းတို့ကို ငါပြန့်ပွါးစေသဖြင့်၊ သူတို့သည် မြို့များ၌နေ၍ ပျက်စီးသောအရပ်များကို ပြုပြင်ကြလိမ့်မည်။

11. သင်တို့အပေါ်မှာ လူနှင့်တိရစ္ဆာန်တို့ကို ငါများပြားစေသဖြင့်၊ သူတို့သည်ပွားများ၍ သားမြေးအစဉ်အဆက် ရှိကြလိမ့်မည်။ နေရင်းအရပ်တို့၌ ငါနေရာချ၍၊ အရင်ပြုသကဲ့သို့ ငါကျေးဇူးပြုမည်။ ငါသည် ထာဝရဘုရား ဖြစ်ကြောင်းကို သင်တို့သိရကြလိမ့်မည်။

12. သင်တို့အပေါ်မှာ လူများတည်းဟူသော ငါ၏ လူဣသရေလအမျိုးသားတို့သည် သွားလာမည်အကြောင်း ငါပြုမည်။ သူတို့သည် သင်တို့ကို သိမ်းယူ၍ အမွေခံရသဖြင့်၊ နောက်တဖန် သင်တို့ကြောင့် သားမဆုံးရှုံးရကြ။

13. အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ အချင်းပြည်၊ သင်သည် လူတို့ကို ကိုက်စားတတ်၏။ ကိုယ် အမျိုးသားတို့ကို လုယူဖျက်ဆီးတတ်၏ဟု သူတပါးဆိုသောကြောင့်၊

14. နောက်တဖန်သင်သည် လူတို့ကို မကိုက်စားရ။ ကိုယ်အမျိုးသားတို့၌ လုယူဖျက်ဆီးခြင်းကို မပြုရဟု အရှင် ထာဝရဘုရားမိန့်တော်မူ၏။

15. နောက်တဖန် အတိုင်းတိုင်းအပြည်ပြည် ကဲ့ရဲ့အပြစ်တင်သော စကားကိုမကြားရ။ နောက်တဖန် ကိုယ် အမျိုးသားတို့၌ လုယူဖျပ်ဆီးခြင်းကို မပြုရဟု အရှင် ထာဝရဘုရားမိန့်တော်မူ၏။

16. တဖန်ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာ၍၊

17. အချင်းလူသား၊ ဣသရေလအမျိုးသားတို့သည် ကိုယ်ပြည်၌နေသောအခါ၊ အလိုအလျောက် ကျင့်ကြံပြုမူ သောအားဖြင့် ထိုပြည်ကို ညစ်ညူးစေကြ၏။ သူတို့ အကျင့်ဓလေ့သည် ငါ့ရှေမှာဥတုရောက်သော မိန်းမ၏ အညစ်အကြေးကဲ့သို့ ဖြစ်၏။

18. ထိုပြည်၌ လူအသက်ကိုသတ်သောအပြစ်၊ ရုပ်တုတို့နှင့် ညစ်ညူးစေသောအပြစ်ကြောင့်၊ ငါသည် ဒေါသအမျက်ကို သွန်းလောင်းပြီ။

19. အတိုင်းတိုင်းအပြည်ပြည်သို့ ငါကွဲပြားပြန့်လွင့်စေပြီ။ သူတို့ကျင့် ကြံပြုမူသည်အတိုင်း ငါစီရင်ပြီ။

20. သို့ရာတွင် တကျွန်းတနိုင်ငံသို့ရောက်သောအခါ ဤသူတို့သည် ထာဝရဘုရား၏ လူဖြစ်ကြ၏။ ကိုယ်ပြည် မှ ထွက်သွားရကြ၏ဟု သူတပါးပြောဆိုသဖြင့်၊ ငါ၏နာမမြတ်ကို ရှုတ်ချသောကြောင့်၊

21. ဣသရေလအမျိုးသားရောက်ရာ တကျွန်း တနိုင်ငံအရပ်ရပ်တို့၌ ရှုတ်ချသော ငါ၏နာမမြတ်ကို ငါနှမြော၏။

22. သို့ဖြစ်၍၊ အရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ အိုဣသရေလအမျိုး၊ သင်တို့ကိုထောက်၍ ဤအမှုကို ငါပြုသည် မဟုတ်။ သင်တို့ရောက်သမျှသောအရပ်တို့၌ လူအမျိုးမျိုးတို့ ရှေ့မှာ ရှုတ်ချသော ငါ၏နာမမြတ်ကိုသာ ထောက်၍ ပြု၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယေ​ဇ​ကျေ​လ 36