ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယေ​ဇ​ကျေ​လ 33:6-21 Judson Bible (BJB)

6. သို့မဟုတ် ကင်းစောင့်ထားသောသူသည် ထားဘေးရောက်ကြောင်းကိုမြင်လျက် တံပိုးမမှုတ်၊ ပြည်သားတို့ အား အသိမပေးသောကြောင့် ထားဘေးရောက်၍ တစုံတယောက်သောသူ အသက်ဆုံးလျှင်၊ ထိုသူသည် မိမိအပြစ်ကြောင့် အသက်ဆုံးသော်လည်း၊ သူ၏အသက်ကို ကင်းစောင့်သောသူ၌ ငါတောင်းမည်။

7. ထိုအတူ၊ အချင်းလူသား၊ သင့်ကိုဣသရေလအမျိုး၌ ကင်းစောင့်စေခြင်းငှါ ငါခန့်ထားသောကြောင့်၊ သင်သည်ငါ၏ နှုတ်ထွက်စကားကို နာခံ၍ သူတို့ကို သတိပေးရမည်။

8. ငါသည် လူဆိုးအား၊ အိုလူဆိုး၊ အကယ်စင်စစ် သင်သည် အသေခံရမည်ဟုဆိုသောအခါ ဆိုးသောသူကို သူ၏လမ်းမှ လွှဲစေခြင်းငှါ သင်သည် သတိမပေးလျှင်၊ ထိုလူဆိုးသည် မိမိအပြစ်ကြောင့် အသက်ဆုံးလိမ့်မည်။ သို့ရာတွင်၊ သူ၏အသက်ကိုသင်၌ ငါတောင်းမည်။

9. သို့မဟုတ်။ လူဆိုးကိုသူ၏ လမ်းမှလွှဲစေခြင်းငှါ သင်သည် သတိပေး၍ သူသည်မလွှဲဘဲနေလျှင်၊ မိမိ အပြစ်ကြောင့် အသက်ဆုံးသော်လည်း၊ သင်သည် ကိုယ်အသက်ကို ကယ်တင်ပြီ။

10. သို့ဖြစ်၍၊ အချင်းလူသား၊ ဣသရေလ အမျိုးသားတို့အား ဟောပြောရမည်မှား၊ ငါတို့သည် ကိုယ်ပြုမိသော ဒုစရိုက်အပြစ်ကို ခံရသဖြင့် အားလျော့သည်ဖြစ်၍၊ အဘယ်သို့ အသက်ရှင်နိုင်ပါမည်နည်းဟု သင်တို့ဆိုကြသော်၊

11. အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါအသက်ရှင်သည်အတိုင်း၊ ဆိုးသောသူသည် အသေ ခံခြင်းအမှုကို ငါနှစ်သက်သည်မဟုတ်။ ဆိုးသောသူသည် မိမိဆိုသောလမ်းမှလွှဲ၍ အသက်ရှင်ခြင်းအမှုကိုသာ ငါနှစ်သက်၏။ အိုဣသရေလအမျိုးသားတို့၊ သင်တို့လိုက် သောလမ်းဆိုးမှ လွှဲကြလော့။ လွှဲကြလော့။ အဘယ်ကြောင့် အသေခံလိုကြသနည်း။

12. သို့ဖြစ်၍၊ အချင်းလူသား၊ သင်၏အမျိုးသား ချင်းတို့အား ဟောပြောရမည်မှာ၊ ဖြောင့်မတ်သောသူသည် ဖေါက်ပြန်လျှင်၊ အရင်ဖြောင့်မတ်ခြင်းအမှုသည် သူ့ကို ကယ်တင်ရမည်မဟုတ်။ ဆိုးသောသူသည် ဆိုးသောအမှုကိုရှောင်လျှင်၊ အရင်ဆိုးသောအမှုကြောင့် ပျက်စီးခြင်းသို့ ရောက်ရမည်မဟုတ်။ ဖြောင့်မတ်သော သူသည်ပြစ်မှားသောနေ့၌ အသက်ရှင်ရသောအခွင့်မရှိရ။

13. ဖြောင့်မတ်သောသူသည် စင်စစ်အသက်ရှင်ရလိမ့်မည်ဟု ငါဆိုသော်လည်း၊ သူသည် မိမိဖြောင့်မတ် ခြင်းကို ကိုးစား၍ ဒုစရိုက်ကိုပြုမိလျှင်၊ အရင်ဖြောင့်မတ်ခြင်း အမှုတစုံတခုကိုမျှ မအောက်မေ့ရ။ ပြုမိသော ဒုစရိုက်ကြောင့် အသေခံရလိမ့်မည်။

14. တဖန်ဆိုးသောသူအား သင်သည် စင်စစ်အသေခံရလိမ့်မည်ဟု ငါဆိုသော်လည်း၊ ထိုသူသည် မိမိဒုစရိုက်ကို ရှောင်၍၊ တရားသောအမှု၊ ဖြောင့်မတ်သောအမှုကို ပြုလျက်၊

15. ပေါင်ထားသောဥစ္စာကို မသိုထား၊ လုယူသောဥစ္စာကို ပြန်ပေးလျက်၊ အဓမ္မအမှုကို မပြုဘဲ အသက်ရှင်ရာ ပညတ်တရားလမ်းသို့လိုက်လျှင်၊ အသေမခံရဘဲ စင်စစ်အသက်ရှင်ရလိမ့်မည်။

16. ပြုမိသော ဒုစရိုက်အပြစ်တစုံတခုကိုမျှ သူ၌ မတင်။ တရားသောအမှု၊ ဖြောင့်မတ်သောအမှုကို ပြုသောကြောင့် စင်စစ်အသက်ရှင်ရလိမ့်မည်။

17. သို့သော်လည်း၊ သင်၏အမျိုးသားချင်းတို့က၊ ထာဝရဘုရား စီရင်ချက်မဖြောင့်ဟု ဆိုကြသည်ဖြစ်၍၊ သူတို့စီရင်ချက်မဖြောင့်ပါတကား။

18. ဖြောင့်မတ်သောသူသည် မိမိဖြောင့်မတ်ခြင်းကို စွန့်၍ ဒုစရိုက်ကိုပြုမိလျှင်၊ ထိုဒုစရိုက်အပြစ်ကြောင့် အသေခံရလိမ့်မည်။

19. ဆိုးသောသူမူကား၊ မိမိဒုစရိုက်ကိုရှောင်၍ တရားသောအမှု၊ ဖြောင့်မတ်သောအမှုကို ပြုလျှင်၊ ထိုအမှုကြောင့် အသက်ရှင်ရလိမ့်မည်။

20. သို့သော်လည်း၊ သင်တို့က၊ ထာဝရဘုရား စီရင်ချက်မဖြောင့်ဟု ဆိုကြသည်တကား။ အိုဣသရေလ အမျိုးသားတို့၊ သင်တို့ အသီးသီးပြုကြသည်အတိုင်း ငါစီရင်မည်ဟုမိန့်တော်မူ၏။

21. သိမ်းသွားရာ သက္ကရာဇ်တဆယ်နှစ်ခု၊ ဒသမလ ငါးရက်နေ့တွင်၊ ယေရုရှလင်မြို့မှ ပြေး၍လွတ်သော သူတယောက်သည် ငါ့ထံသို့ရောက်လာ၍၊ မြို့ကိုလုပ်ကြံပြီ ဟု သိတင်းကြားပြော၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယေ​ဇ​ကျေ​လ 33