ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယေ​ဇ​ကျေ​လ 32:1-11 Judson Bible (BJB)

1. သက္ကရာဇ် တဆယ်နှစ်ခု၊ ဒွါဒသမလတရက်နေ့တွင်၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊

2. အချင်းလူသား၊ သင်သည်အဲဂုတ္တုရှင်ဘုရင် ဖာရောမင်းအတွက် မြည်တမ်းခြင်းကိုပြု၍ ပြောဆိုရမည်မှာ၊ သင်သည်လူမျိုးတို့တွင် ခြင်္သေ့ပျိုကဲ့သို့ဖြစ်၏။ အိုင်၌ နေသောမိကျောင်းကဲ့သို့လည်းဖြစ်၍၊ မြစ်တို့ကို ကူးသွားလျက်၊ ခြေဖြင့်ရေကိုလှုပ်ရှားလျက် မြစ်ရေကို နောက်စေ၏။

3. အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ လူမျိုးများစုဝေးလျက်၊ ငါသည် ပိုက်ကွန်နှင့်သင့်ကို အုပ်မိ၍၊ သူတို့သည် ပိုက်ကွန်နှင့်တကွ သင့်ကို ဆွဲယူကြလိမ့်မည်။

4. ငါသည် သင့်ကိုကုန်းပေါ်မှာတင်၍ လွင်ပြင်၌ ပစ်ထားမည်။ မိုဃ်းကောင်းကင်ငှက်အပေါင်းတို့ကို သင့်အပေါ်မှာ နားစေမည်။ မြေသားအပေါင်းတို့ကို ဝစွာ ကျွေးမည်။

5. သင့်အသားကို တောင်တို့အပေါ်၌ ငါခင်းမည်။ ချိုင့်တို့ကို သင့်ကိုယ်နှင့် ပြည့်စေမည်။

6. သင်မှ ယိုသော အသွေးဖြင့် မြေကိုတောင်ထိပ်တိုင်အောင် စိုစေမည်။ မြစ်တို့သည် သင့်အသွေးနှင့် ပြည့်ကြလိမ့်မည်။

7. သင့်ကို ငါဆုံးစေသောအခါ မိုဃ်းကောင်းကင်ကို ငါဖုံးလွှမ်း၍ ကြယ်တို့ကို မိုက်စေမည်။ နေကို မိုဃ်းအုံ စေ၍ လသည်လည်း အလင်းကို မပေးရ။

8. သင့်အထက်၊ မိုဃ်းကောင်းကင်၌ ထွန်းလင်းသောအလင်းအိမ် အလုံးစုံတို့ကို မိုက်စေ၍၊ သင့်ပြည်ကို မှောင်မိုက်နှင့် ဖုံးလွှမ်းမည်။

9. သင်မသိဘူးသော အတိုင်းတိုင်းအပြည်ပြည်တို့တွင် သင်ပျက်စီးခြင်းအကြောင်းကို ငါကြာစေသောအခါ၊ လူမျိုးများတို့ကို စိတ်ပူပန်စေမည်။

10. အကယ်စင်စစ် သင့်အမှုကြောင့် လူမျိုးများတို့ကို ငါမိန်းမောတွေဝေစေမည်။ ငါသည် ရှင်ဘုရင်တို့ ရှေ့မှာ ထားနှင့်ရွယ်သောအခါ၊ သူတို့သည် သင့်အမှုကြောင့် အလွန်ထိတ်လန့်ကြလိမ့်မည်။ သင်ဆုံးရှုံးသော နေ့၌သူတို့သည် အသီးအသီး မိမိတို့အသက်ကြောင့် ခဏခဏ စိုးရိမ်တုန်လှုပ်ကြလိမ့်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။

11. အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဗာဗုလုန်ရှင်ဘုရင်၏ ထားသည် သင့်အပေါ်သို့ ရောက်လိမ့်မည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယေ​ဇ​ကျေ​လ 32