ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယေ​ဇ​ကျေ​လ 22:5-19 Judson Bible (BJB)

5. အိုအသရေပျက်၍ နှောင့်ရှက်ခြင်းကို ခံရသောသင်ကို၊ အဝေးအနီး၌နေသော သူတို့သည် ပျက်ချော်ကြလိမ့်မည်။

6. ဣသရေလမင်းသားတို့သည် အသီးအသီးအခွင့် တန်ခိုးရှိသည်အတိုင်း၊ သင့်အလယ်၌ လူအသက်ကို သတ်တတ်ကြ၏။

7. သင့်အလယ်၌ မိဘတို့ကိုမထီမဲ့မြင်ပြုကြ၏။ တပါး အမျိုးသားတို့ကို အနိုင်အထက်ပြုကြ၏။ မိဘမရှိသော သူနှင့် မုတ်ဆိုးမတို့ကို ညှဉ်းဆဲကြ၏။

8. သင်သည် ငါ၏သန့်ရှင်းသောအရာတို့ကို မထီမဲ့မြင်ပြုပြီ။ ငါ၏ ဥပုသ်နေ့တို့ကို ရှုတ်ချပြီ။

9. သင့်အလယ်၌ လူအသက်ကို သတ်လို၍ ကုန်းတိုက်သောသူ၊ တောင်ပေါ်မှာစားသောသူ၊ အဓမ္မ အမှုကိုပြုသောသူရှိကြ၏။

10. သင့်အလယ်၌ အဘ၏မယားကို ပြစ်မှားကြ၏။ ဥတုရောက်သော မိန်းမနှင့်မှားယွင်းကြ၏။

11. သင့်အလယ်၌ အချို့တို့သည် အိမ်နီးချင်းမယားကို ပြစ်မှားကြ၏။ အချို့တို့သည် မိမိချွေးမနှင့် ဆိုးညစ် သောအဓမ္မအမှုကို ပြုကြ၏။ အချို့တို့သည် မိမိနှမ၊ မိမိအဘ၏သမီးကို ရှုတ်ချကြ၏။

12. သင့်အလယ်၌လည်း လူအသက်သတ်ခကို ခံကြ၏။ အတိုးစား၍ ငွေကိုချေးကြ၏။ အိမ်နီးချင်း၏ ဥစ္စာကို လုယူကြ၏။ ငါ့ကိုလည်း မေ့လျော့ကြ၏။

13. သို့ဖြစ်၍၊ သင်ဆည်းဖူးသောဥစ္စာ၊ သင့်အလယ်၌သွန်းသော အသွေးကြောင့် ငါလက်ခုပ်တီး၏။

14. သင့်ကိုငါစီရင်သောအခါ၊ သင်၏နှလုံးသည် ခိုင်ခံ့နိုင်သလော။ သင်၏လက်သည်လည်း အားကြီးနိုင်သလော။ ငါထာဝရဘုရားသည် အမိန့်တော်ရှိသည် အတိုင်း ပြုမည်။

15. သင့်ကိုလည်း အတိုင်းတိုင်းအပြည်ပြည်တို့တွင်၊ အရပ်ရပ်သို့ ကွဲပြားစေမည်။ သင်၏အညစ်အကြေးကိုလည်း ပယ်ရှင်းမည်။

16. လူအမျိုးမျိုးတို့ရှေ့မှာ၊ သင်သည် ကိုယ်တိုင် အသရေရှုတ်ချခြင်းကို ခံရ၍၊ ငါသည် ထာဝရဘုရား ဖြစ်ကြောင်းကို သိရလိမ့်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။

17. တဖန် ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာ၍၊

18. အချင်းလူသား၊ ဣသရေလအမျိုးသည် ငါ့ရှေ့မှာ ချော်ဖြစ်လေပြီ။ ထိုသူအပေါင်းတို့သည် မိုက်ထဲ၌ ထည့်သော ကြေးနီ၊ ကြေးဖြူ၊ သံ၊ ခဲကဲ့သို့ငွေနှင့် ကွာသော ချော်ဖြစ်ကြ၏။

19. ထိုကြောင့် အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့အပေါင်းသည် ချော်ဖြစ်သောကြောင့်၊ ယေရုရှလင်မြို့ထဲ၌ ငါစုဝေးစေမည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယေ​ဇ​ကျေ​လ 22