ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယေ​ဇ​ကျေ​လ 21:10-27 Judson Bible (BJB)

10. ထက်၍ အထူးသဖြင့် လုပ်ကြံစေခြင်းငှါ သွေးလေပြီ။ ပြောင်၍ အရောင်တောက်စေခြင်းငှါလည်း ပွတ်လေပြီ။ ငါ့သား၏ ရာဇလှံတံကြောင့် ရွှင်လန်းခြင်းကို ပြုရမည်လော။ ထိုထားသည် သစ်သားရှိသမျှကို မထီမဲ့မြင် ပြုတတ်၏။

11. သုံးစရာဘို့ ပွတ်စေခြင်းငှါ အပ်ထားပြီ။ လုပ်ကြံသောသူ၌ အပ်ခြင်းငှါ ထက်စွာလည်း သွေးလေပြီ။ ပြောင်လက်စွာပွတ်လေပြီ။

12. အချင်းလူသား၊ ငိုကြွေးအော်ဟစ်လော့။ အကြောင်းမူကား၊ ငါ၏ လူတို့၌ရောက်လိမ့်မည်။ ဣသ ရေလမင်းသားအပေါင်းတို့၌လည်း ရောက်လိမ့်မည်။ သူတို့နှင့်တကွ ငါ၏လူတို့ကို ထား၌အပ်လေ၏။ ထိုကြောင့်၊ သင်၏ပေါင်ကို ရိုက်လော့။

13. စုံစမ်းခြင်းအမှုဖြစ်၏။ ထားတော်သည် လှံတံကို မရိုမသေပြုလျှင် အဘယ်သို့နည်း။ လှံတံဆုံးလိမ့်မည်ဟု အရှင်ထာဝရဘုရားမိန့်တော်မူ၏။

14. သို့ဖြစ်၍၊ အချင်းလူသား၊ ပရောဖက်ပြု၍ လက်ခုပ်တီးလော့။ ထားတော်သည် နှစ်ခေါက်၊ သုံးခေါက် ရောက်ရ၏။ သူရဲထား၊ အားကြီးသော သူရဲထားဖြစ်၏။ သူတို့ကိုဝန်းရံသော ထားဖြစ်၏။

15. သူတို့စိတ်ပျက်၍ အထူးသဖြင့်ဆုံးရှုံးစေခြင်းငှါ၊ ထားဘေးကိုမြို့ တံခါးရှိသမျှတို့၌ ငါရောက်စေပြီ။ ထားပြောင်လျက်ရှိ၏။ လုပ်ကြံစရာဘို့ ပွတ်ထားလျက်ရှိ၏။

16. စုဝေးလော့။ လက်ျာဘက်သို့ ခုတ်လော့။ ပြင်ဦးလော့။ လက်ဝဲဘက် အစရှိသော သင်၏အသွားမျက်နှာ ပြုသမျှဘက်သို့ ခုတ်လော့။

17. ငါသည်လည်း လက်ချင်းရိုက်၍၊ ငါဒေါသအရှိန်ကို ငြိမ်းစေမည်။ ထိုသို့ငါထားဝရဘုရား မိန့်တော်မူပြီ။

18. တဖန် ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊

19. အချင်းလူသား၊ ဗာဗုလုန်ရှင်ဘုရင်၏ ထားသွားရာလမ်းနှစ်လမ်းကို မှတ်သားလော့။ လမ်းနှစ်လမ်းတို့သည် ပြည်တပြည်ထဲက ထွက်ရမည်။ မြို့သို့သွားသော လမ်းခွ၌ အရပ်တခုကို ရွေးလော့။

20. အမ္မုန်ပြည်၌ ရဗ္ဗတ်မြို့သို့၎င်း၊ ယုဒပြည်၌ ခိုင်ခံ့သော ယေရုရှလင်မြို့သို့၎င်း၊ ထားရောက်ရာလမ်းကို မှတ်သားလော့။

21. ဗာဗုလုန်ရှင်ဘုရင်သည် ဗေဒင်တွက်ခြင်းငှါ လမ်းနှစ်လမ်းဆုံမိရာလမ်းခွ၌ ရပ်၏။ မြှားတို့ကို ရောနှော၏။ တေရပ်ရုပ်တုတို့ကို မေးမြန်း၏။ အသည်းကို ကြည့်ရှု၏။

22. ဝက်ခွတိုင်၌ တုံးတို့ကို ဆွဲထားစေခြင်းငှါ၎င်း၊ လုပ်ကြံခြင်းအမှုကို မှာထားစေခြင်းငှါ၎င်း၊ ကြွေးကြော် အော်ဟစ်စေခြင်းငှါ၎င်း၊ ရဲတိုက်ကို ဆောက်စေခြင်းငှါ၎င်း၊ မြေရိုးကိုဖို့စေခြင်းငှါ၎င်း၊ လက်ျားဘက်၌ ယေရုရှလင်မြို့အဘို့ ဗေဒင်တွက်၍ နေရာကျ၏။

23. သို့ရာတွင်၊ ရှင်ဘုရင်ထံ၌ သစ္စာခံသောသူတို့သည် ထိုဗေဒင်တွက်ခြင်းကို အချည်းနှီးသော ဗေဒင်တွက်ခြင်းကဲ့သို့ မှတ်ကြလိမ့်မည်။ ရှင်ဘုရင်မူကား၊ သူတို့ကို ဘမ်းမိလိုသောငှါ၊ သူတို့ပြစ်မှားသောအပြစ်ကို အောက်မေ့လိမ့်မည်။

24. သို့ဖြစ်၍၊ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့ပြုလေသမျှတို့၌ အပြစ်ထင်ရှားသည် တိုင်အောင်၊ သင်တို့သည် မိမိတို့ဒုစရိုက် အပြစ်ကို သူတပါးအောက်မေ့စေ၍၊ မိမိတို့ လွန်ကျူးခြင်း အမှုများ ကို ဘော်ပြလျက်၊ မိမိတို့ကို သူတပါး အောက်မေ့စေသောကြောင့်၊ ထိုရှင်ဘုရင်လက်သို့ ရောက်ရကြလိမ့်မည်။

25. အချင်းဆိုးယုတ်သော အဓမ္မ ဣသရေလ မင်းသား၊ အဓမ္မအမှုကြောင့်ဆုံးရှုံးရသောကာလရောက် သောအခါ၊ သင်၏အချိန်ကာလသည် ရောက်လိမ့်မည်။

26. ဦးရစ်တော်ကိုပယ်၍ ရာဇသရဖူကို ချွတ်လော့။ နောက်တဖန် မရှိရ။ နိမ့်သောသူကိုချီးမြှောက်ရမည်။ မြင့်သောသူကို နှိမ့်ချရမည်။

27. နိုင်ငံကို ဆုံးရှုံးစေခြင်းငှါ၊ အစိုးပိုင်သောသူ မရောက်မှီတိုင်အောင်၎င်း ငါမှောက်လှန်မည်။ မှောက်လန်မည်။ မှောက်လှန်မည်။ အစိုးပိုင်သောသူ၌ ငါအပ်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယေ​ဇ​ကျေ​လ 21