ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယေ​ဇ​ကျေ​လ 20:8-20 Judson Bible (BJB)

8. သူတို့သည် နားမထောင်၊ ငါ့ကိုပုန်ကန်ကြ၏။ အသီးသီးဖူးမြင်သော စက်ဆုပ်ရွံရှာဘွယ်အရာတို့ကို၎င်း၊ အဲဂုတ္တုရုပ်တုကို၎င်း၊ မစွန့်ပစ်ဘဲနေကြ၏။ ထိုကြောင့်၊ သူတို့၌ ငါ့ဒေါသစိတ်ပြေမည်အကြောင်း၊ အဲဂုတ္တုပြည်ထဲမှာ သူတို့အပေါ်သို့ ငါ့အမျက်ရှိန်ကို သွန်းလောင်းမည် ဟု ငါအကြံရှိ၏။

9. သို့ရာတွင်၊ သူတို့နေသော တပါးအမျိုးသားတို့ ရှေ့မှာ၊ ငါ၏နာမအသရေကို မပျက်စေခြင်းငှါ၊ ငါသည် နာမတော်အတွက်စီရင်၍၊ တပါးအမျိုးသားတို့ရှေ့မှာ ထင်ရှားလျက်၊ သူတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်လေ၏။

10. အဲဂုတ္တုပြည်မှ နှုတ်ဆောင်၍ တောသို့ ရောက်သောအခါ၊

11. ကျင့်သောသူ၌ အသက်ရှင်စရာအကြောင်းဖြစ်သော ငါ၏စီရင်ထုံးဖွဲ့ချက်တို့ကို ငါဘော်ပြ၏။

12. ထိုမှတပါး၊ ငါထာဝရဘုရားသည် သူတို့ကို သန့်ရှင်းစေသည်ဟု သူတို့သည် သိမည်အကြောင်း၊ ငါနှင့် သူတို့စပ်ကြားမှာ လက္ခဏာသက်သေဖြစ်စေခြင်းငှါ၊ ငါ၏ ဥပုသ်နေ့တို့ကို ငါခန့်ထား၏။

13. သို့ရာတွင်၊ ဣသရေလအမျိုးသည် တော၌ငါ့ကို ပုန်ကန်ကြ၏။ ကျင့်သောသူ၌ အသက်ရှင်စရာ အကြောင်းဖြစ်သော ငါ၏စီရင်ထုံးဖွဲ့ချက်ကို မစောင့်ရှောက်၊ မထီမဲ့မြင်ပြု၍ ငါ၏ဥပုသ်နေ့တို့ကို အလွန်ရှုတ်ချကြ၏။ ထိုအခါ သူတို့ဖျက်ဆီးခြင်းငှါ၊ တော၌သူတို့အပေါ်သို့ ငါ့အမျက်အရှိန်ကို သွန်းလောင်းမည်ဟု အကြံရှိ၏။

14. သို့ရာတွင်၊ ငါနှုတ်ဆောင်ခြင်းကျေးဇူးကို မြင်သောတပါးအမျိုးသားတို့ရှေ့မှာ ငါ၏နာမအသရေကို မပျက်စေခြင်းငှါ၊ ငါသည် နာမတော်အတွက် စီရင်လေ၏။

15. တဖန်၊ ပြည်တကာတို့၏ အထွဋ်ဖြစ်၍ နို့နှင့် ပျားရည်စီးသောပြည်၊ သူတို့အားငါပေးသောပြည်သို့ မပို့ဆောင်ခြင်းငှါ၊ တော၌ ငါကျိန်ဆို၏။

16. အကြောင်းမူကား၊ သူတို့သည် ရုပ်တုများကို ငဲ့ကွက်သောကြောင့်၊ ငါ၏စီရင်ထုံးဖွဲ့ချက်တို့ကို မစောင့် ရှောက်၊ မထီမဲ့မြင်ပြု၍ ငါ၏ဥပုသ်နေ့တို့ကို ရှုတ်ချကြ၏။

17. သို့သော်လည်း၊ ငါသည်သူတို့ကို နှမြောသောကြောင့် မဖျက်ဆီး၊ တော၌ဆုံးရှုံးစေခြင်းငှါ မပြု။

18. သားမြေးတို့အားလည်း၊ သင်တို့၏ ဘိုးဘေး စီရင်ထုံးဖွဲ့ချက်တို့ကို မစောင့်ရှောက်ကြနှင့်။ သူတို့၏ ရုပ်တုများအားဖြင့် ကိုယ်ကိုမညစ်ညူးစေကြနှင့်။

19. ငါသည် သင်တို့၏ဘုရားသခင် ထာဝရဘုရားဖြစ်၏။ ငါ၏စီရင်ထုံးဖွဲ့ချက်တို့ကို စောင့်ရှောက်၍ ကျင့်ကြံကြလော့။

20. ငါ၏ဥပုသ်နေ့တို့ကိုလည်း သန့်ရှင်းစေကြလော့။ ငါသည် သင်တို့၏ဘုရားသခင် ထာဝရဘုရားဖြစ်သည် ဟု၊ သင်တို့သည်သိမည်အကြောင်း၊ ထိုဥပုသ်နေ့တို့ကို ငါနှင့်သင်တို့စပ်ကြားမှာ လက္ခဏာသက်သေဖြစ်စေကြလော့ဟု ငါဆို၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယေ​ဇ​ကျေ​လ 20