ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယေ​ဇ​ကျေ​လ 18:13-32 Judson Bible (BJB)

13. အတိုးစား၍ငွေချေးခြင်းကိုပြုသော သူဖြစ်လျှင်၊ အသက်ရှင်ရမည်လော။ အသက်မရှင်ရ။ ထိုရွံ့ရှာဘွယ်သောအမှုများကိုပြုသောကြောင့်၊ စင်စစ်အသေသတ်ခြင်းကို ခံရမည်။ သေထိုက်သောအပြစ်ရှိ၏။

14. သို့ရာတွင်၊ ထိုသူ၏သားသည် အဘပြုသမျှသော ဒုစရိုက်တို့ကို မြင်၍ဆင်ခြင်သဖြင့်၊ ထိုသို့သော အမှုတို့ကိုမပြု၊

15. တောင်ပေါ်မှာမစား၊ ဣသရေလအမျိုးကိုးကွယ်သော ရုပ်တုတို့ကို မဖူးမမျှော်၊ သူ့မယားကိုမပြစ်မှား၊

16. အဘယ်သူကိုမျှ မညှဉ်းဆဲ၊ ပေါင်ထားသော ဥစ္စာကိုမသိမ်း၊ သူ့ဥစ္စာကို အနိုင်အထက်မလုမယူ၊ ငတ်မွတ်သောသူကို ကျွေးမွေးခြင်း၊ အဝတ်မရှိသော သူကိုအဝတ်နှင့်ဖုံးလွှမ်းခြင်း၊

17. ဆင်းရဲသော သူကိုချမ်းသာပေးခြင်း၊ အတိုးမစားဘဲငွေချေးခြင်းကို ပြု၍ငါစီရင်ထုံးဖွဲ့ချက်တို့ကို စောင့်ရှောက်လျှင်၊ ထိုသူသည်အဘ၏ အပြစ်ကြောင့် အသေခံရမည်မဟုတ်။ စင်စစ်အသက်ရှင်ရလိမ့်မည်။

18. အဘမူကား၊ မိမိညီအစ်ကိုကိုအထပ်ထပ် ညှဉ်းဆဲလျက်၊ သူ့ဥစ္စာကို အနိုင်အထက်လုယူလျက်၊ မိမိအမျိုးသားချင်းတိုပတွင် မကောင်းသောအမှုကို ပြုသော အပြစ်ကြောင့်၊ အသေသတ်ခြင်းကို ခံရမည်။

19. သင်တို့ကလည်း၊ အဘယ်သို့နည်း။ သားသည် အဘ၏ အပြစ်ကို မခံရသလောဟု မေးကြသော်၊ သားသည် တရားသောအမှု၊ ဟုတ်မှန်သောအမှုကိုပြု၍၊ ငါစီရင်ထုံးဖွဲ့သမျှအတိုင်း ကျင့်စောင့်လျှင်၊ စင်စစ် အသက်ရှင်ရလိမ့်မည်။

20. ပြစ်မှားသောသူသည် အသေခံရမည်။ သားသည် အဘ၏အပြစ်ကိုမခံရ။ အဘသည် သား၏အပြစ်ကို မခံရ။ တရားသောသူသည် တရားစွာပြုခြင်းအကျိုးကို၎င်း၊ မတရားသောသူသည် မတရားစွာပြုခြင်း အပြစ်ကို၎င်း ခံရလိမ့်မည်။

21. သို့ရာတွင်၊ မတရားသောသူသည် မိမိပြုမိသမျှသော ဒုစရိုက်တို့ကို ကြဉ်ရှောင်လျက်၊ ငါစီရင်ထုံးဖွဲ့သမျှ တို့ကို စောင့်ရှောက်၍၊ တရားသောအမှု၊ ဟုတ်မှန်သော အမှုတို့ကိုပြုလျှင်၊ သေခြင်းနှင့်လွတ်၍ စင်စစ်အသက်ရှင် ရလိမ့်မည်။

22. ပြုမိသမျှသော ဒုစရိုက်အပြစ်တို့ကို သူတဘက်၌ မမှတ်ရ။ ပြုမိသောဖြောင့်မတ်ခြင်းအမှုကြောင့် အသက်ရှင် ရလိမ့်မည်။

23. မတရားသောသူသည်မိမိအကျင့် တို့ကိုရှောင်၍ အသက်မရှင်၊ အသေခံခြင်းအမှု၌ ငါသည်အနည်းငယ်သော ပျော်မွေ့ခြင်းရှိသလော။

24. သို့ရာတွင်။ တရားသောသူသည်ဖောက်ပြန်၍၊ အဓမ္မအမှုကို၎င်း၊ မတရားသောသူပြုသမျှသော စက်ဆုပ် ရွံ့ရှာဘွယ်အမှုတို့ကို၎င်း ပြုလျှင်၊ အသက်ရှင်ရမည်လော။ အရင်ပြုသမျှသော ဖြောင့်မတ်ခြင်းအမှုတို့ကို မမှတ်၊ သူသည် လွန်ကျူးသောအမှု၊ ပြစ်မှားသောအပြစ်ကြောင့် အသေသတ်ခြင်းကို ခံရလိမ့်မည်။

25. သို့သော်လည်း သင်တို့က၊ ထာဝရဘုရား စီရင်ချက်မဖြောင့်ဟု ဆိုကြသည်တကား။ အိုဣသရေလ အမျိုး၊ ငါစီရင်ချက်သည် ဖြောင့်၍၊ သင်တို့ စီရင်ချက်ကောက်သည်မဟုတ်လော။

26. တရားသောသူသည် တရားသောအမှုကိုပယ်၍ အဓမ္မအမှုကို ပြုလျှင်၊ ထိုအမှုကြောင့် သေရမည်။ ပြုမိသောအဓမ္မအမှုကြောင့် အသေသတ်ခြင်းကို ခံရမည်။

27. ထိုအတူ၊ မတရားသောသူသည် မိမိပြုမိသော အဓမ္မအမှုကို ရှောင်၍၊ တရားသောအမှု၊ ဟုတ်မှန်သော အမှုကိုပြုလျှင်၊ မိမိအသက်ကို ကယ်နှုတ်ရလိမ့်မည်။

28. ပြုမိသမျှသော အဓမ္မအမှုတို့ကို ဆင်ခြင်၍ ရှောင်သောကြောင့်၊ သေခြင်းနှင့်လွတ်၍ စင်စစ်အသက်ရှင် ရလိမ့်မည်။

29. သို့သော်လည်း ဣသရေလအမျိုးက၊ ထာဝရ ဘုရားစီရင်ချက်မဖြောင့်ဟု ဆိုကြသည်တကား။ အိုဣသရေလအမျိုး၊ ငါစီရင်ချက်သည် ဖြောင့်၍၊ သင်တို့ စီရင်ချက်ကောက်သည် မဟုတ်လော။

30. သို့ဖြစ်၍၊ အိုဣသရေလအမျိုး၊ သင်တို့ အသီးအသီးကျင့်ကြသည်အတိုင်း အကျိုးအပြစ်ကိုငါစီရင်မည်။ သင်တို့သည် အဓမ္မအမှုရှိသမျှတို့ကို စွန့်ပစ်၍ ပြောင်းလဲကြလော့။ ပြောင်းလဲကြလော့။ ဒုစရိုက်အပြစ်ကြောင့် ထိမိ၍ ဆုံးခြင်းသို့မရောက်ကြနှင့်။

31. သင်တို့သည် ပြုသမျှသော လွန်ကျူးခြင်းအမှု တို့ကို စွန့်ပစ်၍ အသစ်သောနှလုံး၊ အသစ်သော စိတ်သဘောကို ပြင်ဆင်ကြလော့။ အို ဣသရေလအမျိုး၊ သင်တို့သည် အဘယ်ကြောင့် အသေသတ်ခြင်းကို ခံလိုသနည်း။

32. အသေခံရသော သူ၏ အသေခံခြင်းအမှု၌ ငါသည် ပျော်မွေ့ခြင်းမရှိ။ ထိုကြောင့်၊ပြောင်းလဲ၍ အသက်ရှင်ကြလော့ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယေ​ဇ​ကျေ​လ 18