6. ငါသည် ရှောက်သွား၍ အသွေးနှင့်လူးလျက်ရှိသော သင်ကို မြင်သောအခါ အသက်ရှင်လော့ဟု သင်သည် အသွေး၌ရှိစဉ် ငါဆို၏။
7. မြက်ပင်ကဲ့သို့ ငါကြီးပွါးစေသဖြင့်၊ သင်သည် အစဉ်အတိုင်း ကြီး၍ လှသောအဆင်းနှင့်ပြည့်စုံ၏။ ရင်သားထ၍ ကိုယ်၌လည်းအမွေးပေါက်၏။ အရင်က အဝတ်မရှိ၊ အချည်းစည်းနေရ၏။
8. တဖန်ငါသည်ရှောက်သွား၍ သင့်ကိုမြင်သောအခါ၊ သင်၌ချစ်လိုဘွယ်သော အချိန်အရွယ်ရှိသောကြောင့်၊ ငါသည်ကိုယ်အဝတ်စွန်းကို ဖြန့်၍၊ သင်၌ အချည်းစည်းရှိခြင်းကို ဖုံးအုပ်၏။ ကျိန်ဆိုခြင်းကိုလည်း ပြု၍၊ သင်နှင့်ပဋိညာဉ်ဖွဲ့သဖြင့်၊ သင်သည် ငါ၏ခင်ပွန်း ဖြစ်လေ၏။
9. ထိုအခါ သင့်ကို ရေချိုး၍၊ သင်၌လူးသော အသွေးရှိသမျှကို ငါဆေးကြော၏။ ဆီနှင့်လိမ်း၏။
10. ချယ်လှယ်သော အဝတ်ကိုဝတ်စေ၏။ တဟာရှ သားရေခြေနင်းကို စီးစေ၏။ ဖဲ၊ ပိတ်ချောနှင့်ခြုံစေ၏။
11. လက်ကောက်နှင့်လည်ဆွဲအစရှိသော တန်ဆာမျိုးကို ဆင်စေ၏။
12. နားထောင်း၊ နှာဆွဲ၊ လှသော ပေါင်းကိုလည်း ဆင်စေ၏။
13. ထိုသို့ သင်သည် ရွှေငွေနှင့်တကွ၊ ဖဲ၊ ပိတ်ချော၊ ချယ်လှယ်သော အဝတ်တန်ဆာတို့ကိုဆင်လျက်၊ မုန့်ညက်၊ ပျားရည်၊ ဆီကိုစားလျက်၊ အလွန်တရာ လှသောအဆင်းနှင့်ပြည့်စုံ၍၊ မိဖုရားအရာကိုခံရ၏။
14. ငါသည် ကိုယ်အသရေကို သင်၌ အပ်ပေးသောကြောင့်၊ သင်သည် လှသောအဆင်းနှင့်စုံလင်၍၊ အတိုင်းတိုင်းအပြည်ပြည်၌ ကျော်စောလေ၏။
15. သို့ရာတွင်၊ သင်သည်ကိုယ်လှသော အဆင်းကို ကိုးစား၍၊ ဂုဏ်အသရေကျော်စောသောကြောင့်၊ ပြည်တန်ဆာလုပ်၍၊ ခရီးသွားသောသူအပေါင်းတို့နှင့် မတရားသောမေထုန်ကို အနှံ့အပြာပြုသဖြင့်၊ ယောက်ျား တိုင်းအခွင့်ရ၏။
16. သင်၏အဝတ်ကိုလည်း ယူ၍၊ မြင့်သောအရပ်တို့ကိုထူးခြားသော အဆင်းအရောင်နှင့်ဆင်ပြင်၍၊ တခါမျှမမြင်စဖူး၊ နောက်၌လည်းမဖြစ်လတံ့သောအမှု၊ မတရားသောမေထုန်ကို ထိုအရပ်၌ ပြုလေပြီ။