ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယေ​ဇ​ကျေ​လ 16:41-54 Judson Bible (BJB)

41. သင့်အိမ်တို့ကိုလည်း မီးရှို့၍များစွာသော မိန်းမတို့ရှေ့မှာ သင့်ကိုအပြစ်ဒဏ်ပေးကြသဖြင့်၊ သင်သည် နောက်တဖန်ပြည်တန်ဆာ မလုပ်ဘဲနေစေခြင်းငှါ ငါပြု မည်။ နောက်တဖန် သင်သည်သူတပါးတို့ကို မငှါးရ။

42. ထိုသို့ ငါ့ဒေါသစိတ်ကို ငါဖြေမည်။ သင့်ကိုမယုံ။ အလွန်ပူပန်သော စိတ်ငြိမ်း၍၊ ငါသည်အမျက်မထွက်ဘဲ ငြိမ်သက်စွာ နေမည်။

43. သင်သည် အသက်ငယ်သော ကာလကို မအောက်မေ့၊ အရာရာ၌ ငါ့စိတ်ကို နှောင့်ရှက်သောကြောင့်၊ သင့်အပြစ်ကို သင့်ခေါင်းပေါ်သို့ ငါသက်ရောက်စေမည်။ စက်ဆုပ်ရွံ့ရှာဘွယ်သော အမှုရှိသမျှတို့အပေါ်မှာ ဆိုးညစ်သောအကြံကိုထပ်၍ ထိုအကြံအတိုင်းမပြုရ။

44. စကားပုံကိုသုံးတတ်သော သူအပေါင်းတို့က၊ အမိကဲ့သို့ သမီးဖြစ်၏ဟု သင့်ကိုရည်မှတ်၍ စကားပုံကို ပြောကြလိမ့်မည်။

45. သင်သည် လင်နှင့်သားသမီးကိုရွံရှာသောမိန်းမ၏ သမီးဖြစ်၏။ လင်နှင့်သားသမီးကိုရွံရှာသော မိန်းမ၏ ညီမလည်းဖြစ်၏။ သင့်အမိသည် ဟိတ္တိအမျိုး၊ သင့်အဘသည် အာမောရိလူဖြစ်၏။

46. သင့်အစ်မသည် မိမိသမီးတို့နှင့်တကွ သင့်လက်ဝဲဘက်၌နေသော ရှမာရိမြို့ဖြစ်၏။ သင့်ထက် အသက်ငယ်သော သင်၏ ညီမသည် မိမိသမီးတို့နှင့်တကွ သင့်လက်ျာဘက်၌နေသော သောဒုံမြို့ဖြစ်၏။

47. သို့ရာတွင်၊ သင်သည် သူတို့ထုံးစုံကိုမလိုက်၊ သူတို့ပြုသောရွံရှာဘွယ်အမှုမျှသာပြုသည်မဟုတ်၊ ထိုအမှုကို သာမညအမှုဟူ၍ ထင်မှတ်သဖြင့်၊ သင်သည် အရာရာ၌သူတို့ထက်သာ၍ ဆိုးညစ်ပေ၏။

48. ငါအသက်ရှင်သည်အတိုင်း၊ သင်သည် ကိုယ့်သမီးတို့နှင့်တကွ ပြုသကဲ့သို့၊ ညီမသောဒုံနှင့်သူ၏သမီးတို့သည် မပြုကြ။

49. သင့်ညီမသောဒုံ၏ အပြစ်ဟူမူကား၊ သူနှင့် သူ့သမီးတို့သည် မာနကြီးခြင်း၊ ဝစွာစားသောက်ခြင်း၊ ငြိမ်ဝပ်စွာကောင်းစားခြင်းရှိ၍၊ ဆင်းရဲငတ်မွတ်သော သူတို့ကို မထောက်ပံ့ဘဲ နေကြ၏။

50. မာနထောင်လွှား၍ ငါ့ရှေ့မှာ စက်ဆုပ်ရွံ့ရှာဘွယ်သော အမှုတို့ကိုပြုကြ၏။ ထိုကြောင့်၊ သင်မြင်သည် အတိုင်းသူတို့ကို ငါပယ်ရှင်းပြီ။

51. ရှမာရိသည်လည်း၊ သင်ပြုမိသော ဒုစရိုက် တဝက်ကိုမျှမပြုမိ။ သင်မူကား၊ ညီအစ်မတို့၏အပြစ်ကို မထင်ရှားစေသည်တိုင်အောင်၊ စက်ဆုပ်ရွံရှာဘွယ်သော အမှုတို့ကို သူတို့ထက်မက များပြားစွာပြုလေပြီတကား။

52. သင်သည်ညီအစ်တို့ကို အပြစ်တင်၍ စီရင်လျက်ပင်၊ သူတို့ ပြုသည်ထက်စက်ဆုပ်ရွံ့ရှာဘွယ်သော အမှုတို့ကိုသာ၍ပြုသောကြောင့်၊ အရှက်ကွဲခြင်းကိုခံလော့။ သူတို့သည် သင့်ထက်သာ၍ အပြစ်နည်းကြ၏။ သင်မူကား၊ ညီအစ်မတို့၏အပြစ်ကို မထင်ရှားစေသည်တိုင်အောင် ပြုသောကြောင့် စိတ်ပျက်၍ အရှက်ကွဲခြင်းကို ခံရလော့။

53. သိမ်းသွားခြင်းကိုခံရသော သောဒုံနှင့်သူ၏ သမီးများ၊ ရှမာရိနှင့် သူ၏သမီးများကို တဖန် ငါဆောင်ခဲ့သောအခါ၊ သိမ်းသွားခြင်းကို ခံရသောသင်၏လူတို့ကို သူတို့နှင့်အတူ ငါဆောင်ခဲ့မည်။

54. သို့ဖြစ်၍၊ သင်သည် သူတို့ကိုနှစ်သိမ့်စေ၍၊ ပြုလေသမျှတို့ကြောင့် စိတ်ပျက်လျက် အရှက်ကွဲခြင်းကို ခံရလိမ့်မည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယေ​ဇ​ကျေ​လ 16