ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယေ​ဇ​ကျေ​လ 16:35-51 Judson Bible (BJB)

35. သို့ဖြစ်၍၊ အိုပြည်တန်ဆာမိန်းမ၊ ထာဝရဘုရား၏အမိန့်တော်ကို နားထောင်လော့။

36. အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်၏ရည်းစားများ စက်ဆုပ်ရွံ့ရှာဘွယ်သော ရုပ်တုအပေါင်း တို့နှင့် မှားယွင်းခြင်းအားဖြင့်၎င်း၊ သူတို့အားပေးသော သားသမီးတို့၏ အသွေးအားဖြင့်၎င်း သင်သည် ကိုယ် ရှက်ကြောက်ခြင်း၊ အဝတ်အချည်းစည်းရှိခြင်းကို ထင်ရှားစွာ ဘော်ပြသောကြောင့်၊

37. သင့်ကိုချစ်သောရည်းစားရှိသမျှတို့နှင့် သင်ချစ်သောသူ၊ မုန်းသောသူ အပေါင်းတို့ကိုငါစုဝေးမည်။ သင့်တဘက်ပတ်လည်၌ စုဝေးစေ၍၊ သင်၌ အဝတ်အချည်းစည်းရှိခြင်းကို ငါပြသဖြင့်၊ ထိုသူအပေါင်းတို့သည် သင်၌ အဝတ်အချည်းစည်းရှိသမျှကို မြင်ရကြလိမ့်မည်။

38. မျောက်မထားသောမိန်းမနှင့်၊ လူအသက်ကို သတ်သော မိန်းမတို့ကို စီရင်သကဲ့သို့ သင့်ကိုငါစီရင်၍၊ ပြင်းစွာသော ဒေါသအမျက်အသွေးကို ငါတိုက်မည်။

39. သင့်ကို သူတို့လက်သို့ ငါအပ်သဖြင့်၊ သူတို့သည် သင်၏ကုဋီတိုက်ကို ဖျက်၍၊ သင်၏မြင့်သောအရပ်တို့ကို ဖြိုချကြလိမ့်မည်။ သင့်အဝတ်တို့ကိုချွတ်၍ လှသောတန်ဆာတို့ကို လုယူပြီးလျှင်၊ သင့်ကို အဝတ်မပေး၊ အချည်းစည်းရှိစေခြင်းငှါ ပစ်ထားကြလိမ့်မည်။

40. လူအလုံးအရင်းကိုလည်း ခေါ်သဖြင့်၊ သူတို့သည် ခဲနှင့်ပစ်၍၊ ထားနှင့်ခုတ်ကြလိမ့်မည်။

41. သင့်အိမ်တို့ကိုလည်း မီးရှို့၍များစွာသော မိန်းမတို့ရှေ့မှာ သင့်ကိုအပြစ်ဒဏ်ပေးကြသဖြင့်၊ သင်သည် နောက်တဖန်ပြည်တန်ဆာ မလုပ်ဘဲနေစေခြင်းငှါ ငါပြု မည်။ နောက်တဖန် သင်သည်သူတပါးတို့ကို မငှါးရ။

42. ထိုသို့ ငါ့ဒေါသစိတ်ကို ငါဖြေမည်။ သင့်ကိုမယုံ။ အလွန်ပူပန်သော စိတ်ငြိမ်း၍၊ ငါသည်အမျက်မထွက်ဘဲ ငြိမ်သက်စွာ နေမည်။

43. သင်သည် အသက်ငယ်သော ကာလကို မအောက်မေ့၊ အရာရာ၌ ငါ့စိတ်ကို နှောင့်ရှက်သောကြောင့်၊ သင့်အပြစ်ကို သင့်ခေါင်းပေါ်သို့ ငါသက်ရောက်စေမည်။ စက်ဆုပ်ရွံ့ရှာဘွယ်သော အမှုရှိသမျှတို့အပေါ်မှာ ဆိုးညစ်သောအကြံကိုထပ်၍ ထိုအကြံအတိုင်းမပြုရ။

44. စကားပုံကိုသုံးတတ်သော သူအပေါင်းတို့က၊ အမိကဲ့သို့ သမီးဖြစ်၏ဟု သင့်ကိုရည်မှတ်၍ စကားပုံကို ပြောကြလိမ့်မည်။

45. သင်သည် လင်နှင့်သားသမီးကိုရွံရှာသောမိန်းမ၏ သမီးဖြစ်၏။ လင်နှင့်သားသမီးကိုရွံရှာသော မိန်းမ၏ ညီမလည်းဖြစ်၏။ သင့်အမိသည် ဟိတ္တိအမျိုး၊ သင့်အဘသည် အာမောရိလူဖြစ်၏။

46. သင့်အစ်မသည် မိမိသမီးတို့နှင့်တကွ သင့်လက်ဝဲဘက်၌နေသော ရှမာရိမြို့ဖြစ်၏။ သင့်ထက် အသက်ငယ်သော သင်၏ ညီမသည် မိမိသမီးတို့နှင့်တကွ သင့်လက်ျာဘက်၌နေသော သောဒုံမြို့ဖြစ်၏။

47. သို့ရာတွင်၊ သင်သည် သူတို့ထုံးစုံကိုမလိုက်၊ သူတို့ပြုသောရွံရှာဘွယ်အမှုမျှသာပြုသည်မဟုတ်၊ ထိုအမှုကို သာမညအမှုဟူ၍ ထင်မှတ်သဖြင့်၊ သင်သည် အရာရာ၌သူတို့ထက်သာ၍ ဆိုးညစ်ပေ၏။

48. ငါအသက်ရှင်သည်အတိုင်း၊ သင်သည် ကိုယ့်သမီးတို့နှင့်တကွ ပြုသကဲ့သို့၊ ညီမသောဒုံနှင့်သူ၏သမီးတို့သည် မပြုကြ။

49. သင့်ညီမသောဒုံ၏ အပြစ်ဟူမူကား၊ သူနှင့် သူ့သမီးတို့သည် မာနကြီးခြင်း၊ ဝစွာစားသောက်ခြင်း၊ ငြိမ်ဝပ်စွာကောင်းစားခြင်းရှိ၍၊ ဆင်းရဲငတ်မွတ်သော သူတို့ကို မထောက်ပံ့ဘဲ နေကြ၏။

50. မာနထောင်လွှား၍ ငါ့ရှေ့မှာ စက်ဆုပ်ရွံ့ရှာဘွယ်သော အမှုတို့ကိုပြုကြ၏။ ထိုကြောင့်၊ သင်မြင်သည် အတိုင်းသူတို့ကို ငါပယ်ရှင်းပြီ။

51. ရှမာရိသည်လည်း၊ သင်ပြုမိသော ဒုစရိုက် တဝက်ကိုမျှမပြုမိ။ သင်မူကား၊ ညီအစ်မတို့၏အပြစ်ကို မထင်ရှားစေသည်တိုင်အောင်၊ စက်ဆုပ်ရွံရှာဘွယ်သော အမှုတို့ကို သူတို့ထက်မက များပြားစွာပြုလေပြီတကား။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယေ​ဇ​ကျေ​လ 16