ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယေ​ဇ​ကျေ​လ 12:1-13 Judson Bible (BJB)

1. တဖန်ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊

2. အချင်းလူသား၊ သင်သည်ပုန်ကန်တတ်သော အမျိုးထဲမှာနေ၏။ သူတို့သည် မြင်ရသော မျက်စိရှိသော်လည်း မမြင်တတ်။ ကြားရသော နားရှိသော်လည်း မကြားတတ်။ ပုန်ကန်တတ်သော အမျိုးဖြစ်ကြ၏။

3. သို့ဖြစ်၍၊ အချင်းလူသား၊ အခြားသို့ ပြောင်းသွားခြင်းငှါ ဥစ္စာပရိကံများကို ပြင်ဆင်၍၊ နေ့အချိန်၌ သူတို့မျက်မှောက်တွင် ပြောင်းသွားလော့။ သူတို့မျက် မှောက်တွင် အခြားတပါးသို့နေရာပြောင်းလော့။ ပုန်ကန် တတ်သော အမျိုးဖြစ်သော်လည်း၊ သတိရကောင်းရကြလိမ့်မည်။

4. နေရာပြောင်းစရာဘို့ ပြင်ဆင်သော ဥစ္စာပရိကံများကဲ့သို့၊ သင်၏ ဥစ္စာပရိကံများကို နေ့အချိန်၌ သူတို့ မျက်မှောက်တွင် ထုတ်ရမည်။ သိမ်းသွားခြင်းကို ခံရသောသူကဲ့သို့၊ ညအချိန်၌ သူတို့မျက်မှောက်တွင် ထွက်သွားရမည်။

5. သူတို့မျက်မှောက်၌ အုတ်ရိုးကိုတူးဖောက်၍၊ ဥစ္စာ ပရိကံများကို ထုတ်သွားလော့။

6. ညဦးယံအချိန်၌ သူတို့မျက်မှောက်တွင် ပခုံးပေါ်မှာထမ်း၍ ထုတ်ရမည်။ မြေကိုမမြင်ရအောင် မျက်နှာကိုဖုံးရမည်။ အကြောင်းမူကား၊ သင့်ကို ဣသရေလအမျိုးအား နိမိတ်လက္ခဏာဖြစ်စေခြင်းငှါ ငါခန့်ထားပြီဟု မိန့်တော်မူသည်အတိုင်း၊

7. ငါသည် သိမ်းသွားခြင်းကို ခံရသောသူ၏ ဥစ္စာပရိကံများကဲ့သို့၊ ငါ၏ဥစ္စာပရိကံများကို နေ့အချိန်၌ ထုတ်၍၊ ညအချိန်၌အုတ်ရိုးကို ကိုယ်လက်နှင့် တူးဖော်ပြီးမှ၊ ညဦးယံအချိန်၌သူတို့မျက်မှောက်တွင် ပခုံးပေါ်မှာ ထမ်းသွား၏။

8. နံနက်အချိန်၌ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊

9. အချင်းလူသား၊ ပုန်ကန်တတ်သော ဣသရေလ အမျိုးက၊ သင်သည်အဘယ်သို့ပြုသနည်းဟု သင့်အား မေးသည်ရှိသော်၊

10. အရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုရ မည်။ ဤဗျာဒိတ်တော်သည် ယေရုရှလင်မြို့ကို အစိုးရ သော မင်းမှစ၍၊ ထိုမြို့၌ရှိသော ဣသရေလအမျိုးသား အပေါင်းတို့နှင့်ဆိုင်ပေ၏။

11. ငါသည်သင်တို့၏ နိမိတ်လက္ခဏာဖြစ်၏။ ငါပြုသကဲ့သို့ သင်တို့သည် ပြုရကြလိမ့်မည်။ နေရာပြောင်း၍ သိမ်းသွားခြင်းကို ခံရကြလိမ့်မည်။

12. သင်တို့၏ မင်းသည်လည်း၊ မိမိပခုံး၌ထမ်း၍ ညဦးယံအချိန်၌ ထုတ်သွားရလိမ့်မည်။ ထုတ်သွားစရာဘို့ အုတ်ရိုးကိုတူးဖော်ရလိမ့်မည်။ မြေကိုမမြင်ရအောင် မျက်နှာကိုဖုံးရလိမ့်မည်။

13. ထိုမင်းကိုလည်း ငါ၏ပိုက်ကွန်နှင့်အုပ်၍၊ ငါ၏ ကျော့ကွင်း၌ ကျော့မိစေသည်။ ခါလဒဲပြည်ဗာဗုလုန်မြို့သို့ ဆောင်သွားမည်။ ထိုမြို့၌ သေရသော်လည်း မြို့ကို မမြင်ရ။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယေ​ဇ​ကျေ​လ 12