ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယော​ရှု 9:5-23 Judson Bible (BJB)

5. ဟောင်းနွမ်းဖာပြင်သော ခြေနင်းကိုစီး၍၊ ဟောင်းနွမ်းသောအဝတ်ကိုလည်း ဝတ်ကြ၏။ အောက်၍မှိုတက်လျက်ရှိသော ရိက္ခာကိုသာဆောင်ခဲ့လျက်၊

6. ယောရှုရှိရာ ဂိလဂါလတပ်သို့ရောက်လာလျှင်၊ အကျွန်ုပ်တို့သည် မိဿဟာယဖွဲ့ခြင်းငှါ၊ ဝေးသောပြည်ကလာကြပါသည်ဟု ယောရှုနှင့် ဣသရေလလူတို့အား ပြောဆိုကြ၏။

7. ဣသရေလအမျိုးသားတို့ကလည်း၊ သင်တို့သည် ငါတို့အနားမှာနေသည် မနေသည်ကို မသိနိုင်။ အဘယ်သို့ မိဿဟာယဖွဲ့နိုင်သနည်းဟု ဟိဝိလူတို့အား ဆိုကြလျှင်၊

8. သူတို့က အကျွန်ုပ်တို့သည် ကိုယ်တော်ကျွန်ဖြစ်ပါ၏ဟု ယောရှုအား လျှောက်ဆိုကြ၏။ ယောရှုကလည်း၊ သင်တို့သည် အဘယ်သို့သောသူနည်း။ အဘယ်အရပ်က လာကြသနည်းဟုမေးလျှင်၊

9. သူတို့က၊ ကိုယ်တော်၏ ဘုရားသခင် ထာဝရဘုရား၏နာမတော်ကြောင့် ကိုယ်တော်ကျွန်တို့သည် အလွန်ဝေးသောပြည်ကလာပါပြီ။ ထာဝရဘုရား၏ သိတင်းတော်ကို၎င်း၊ အဲဂုတ္တုပြည်၌ ပြုတော်မူသမျှကို၎င်း၊

10. ယော်ဒန်မြစ်အရှေ့ဘက်၌နေသော အာမောရိမင်းကြီး၊ ဟေရှဘုန်ရှင်ဘုရင်ရှိဟုန်၊ အာရှတရုတ်မြို့မှာနေသော ဗာရှန်ရှင်ဘုရင် ဩဃတို့၌ ပြုတော်မူသမျှကို၎င်း ကြားပါပြီ။

11. ထိုကြောင့် အကျွန်ုပ်တို့၌ အသက်ကြီးသောသူတို့နှင့် ပြည်သူပြည်သားအပေါင်းတို့က၊ လမ်းခရီးရိက္ခာကိုယူ၍ သူတို့ကို ခရီးဦးကြိုပြုခြင်းငှါ သွားကြလော့။ ငါတို့သည် သူတို့၏ကျွန်ဖြစ်ကြောင်းနှင့် မိဿဟာယဖွဲ့ရပါ မည်အကြောင်းကို လျှောက်ထားကြလော့ဟု မှာလိုက်ပါပြီ။

12. ကိုယ်တော်ထံသို့ ရောက်အံ့သောငှါ ထွက်လာသောနေ့၌ ခရီးရိက္ခာဘို့ ကိုယ်အိမ်မှဆောင်ယူခဲ့သော ဤမုန့်သည် ပူနွေးလျက်ရှိပါ၏။ ယခုကြည့်ပါ။ အောက်လျက် မှိုတက်လျက်ရှိပါ၏။

13. စပျစ်ရည်ပြည့်သော ဤသားရေဘူးတို့သည် အသစ်ဖြစ်သော်လည်း၊ ယခုကြည့်ပါ စုတ်ကွဲလျက်ရှိပါ၏။ ဤအဝတ် ဤခြေနင်းတို့သည်လည်း အလွန်ခရီးဝေးသောကြောင့် ဟောင်းနွမ်းပါပြီဟု ပြန်လျှောက်ကြ၏။

14. ဣသရေလလူတို့သည် ထာဝရဘုရားထံတော်၌ အခွင့်မပန်ဘဲ ထိုသူတို့၏ရိက္ခာကို စားကြ၏။

15. ယောရှုသည်လည်း သူတို့ကိုစစ်မှုနှင့်လွတ်စေ၍၊ အသက်ချမ်းသာစေမည်အကြောင်း မိဿဟာယဖွဲ့၏။ ပရိသတ်မင်းတို့သည်လည်း ကျိန်ဆိုခြင်းကိုပြုကြ၏။

16. မိဿဟာယဖွဲ့၍ သုံးရက်လွန်သောအခါ၊ ထိုသူတို့သည် အိမ်နီးချင်းဖြစ်၍၊ အနားမှာနေကြောင်းကို ဣသရေလအမျိုးသားတို့သည် ကြားသိလျှင်၊

17. ခရီးသွား၍ သုံးရက်မြောက်သောနေ့၌ သူတို့မြို့ရွာသို့ ရောက်ကြ၏။ သူတို့မြို့ကား ဂိဗောင်မြို့၊ ခေဖိရာ မြို့၊ ဗေရုတ်မြို့၊ ကိရယတ်ယာရိမ်မြို့တည်း။

18. ပရိသတ်အကဲအမှူးတို့သည် ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားကို တိုင်တည်၍ ကျိန်ဆိုခြင်းကို ပြုသောကြောင့်၊ ဣသရေလအမျိုးသားတို့သည် သူတို့ကို မလုပ်ကြံကြ။ ပရိသတ်အပေါင်းတို့သည် အကဲအမှူးတို့ကို အပြစ်တင်ကြ၏။

19. အကဲအမှူးတို့ကလည်း၊ ငါတို့သည် ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားကိုတိုင်တည်၍ ကျိန်ဆိုခြင်းကိုပြုသောကြောင့် သူတို့ကို မထိမခိုက်ရ။

20. သူတို့အားကျိန်ဆိုမိသောကြောင့် အပြစ်ဒဏ်ရောက်မည်ကို စိုးရိမ်၍၊ အသက်ချမ်းသာပေးသဖြင့် အဘယ်သို့ ပြုရမည်နည်းဟူမူကား၊

21. အကဲအမှူးများဂတိရှိသည်အတိုင်း အသက်ချမ်းသာပေး၍၊ ပရိသတ်အပေါင်းတို့အဘို့ ထင်းခုတ်သောသူ၊ ရေခပ်သောသူ ဖြစ်စေရမည်ဟု ပရိသတ်အပေါင်းတို့အား ပြန်ပြောကြ၏။

22. ယောရှုသည်လည်း သူတို့ကိုခေါ်၍၊ သင်တို့သည် ငါတို့အနားမှာနေလျက်ပင်၊ ဝေးသောအရပ်ကလာပါပြီဟုဆို၍ ငါတို့ကို အဘယ်ကြောင့် လှည့်စားကြသနည်း။

23. ယခုမှာ သင်တို့သည် ကျိန်အပ်သောသူဖြစ်သဖြင့်၊ ကျွန်ခံ၍ ငါ၏ဘုရားသခင် အိမ်တော်အဘို့ ထင်းခုတ်ခြင်း၊ ရေခပ်ခြင်းအမှုနှင့် တယောက်မျှမလွတ်ရဟု ဆို၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယော​ရှု 9