ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယော​ရှု 9:11-27 Judson Bible (BJB)

11. ထိုကြောင့် အကျွန်ုပ်တို့၌ အသက်ကြီးသောသူတို့နှင့် ပြည်သူပြည်သားအပေါင်းတို့က၊ လမ်းခရီးရိက္ခာကိုယူ၍ သူတို့ကို ခရီးဦးကြိုပြုခြင်းငှါ သွားကြလော့။ ငါတို့သည် သူတို့၏ကျွန်ဖြစ်ကြောင်းနှင့် မိဿဟာယဖွဲ့ရပါ မည်အကြောင်းကို လျှောက်ထားကြလော့ဟု မှာလိုက်ပါပြီ။

12. ကိုယ်တော်ထံသို့ ရောက်အံ့သောငှါ ထွက်လာသောနေ့၌ ခရီးရိက္ခာဘို့ ကိုယ်အိမ်မှဆောင်ယူခဲ့သော ဤမုန့်သည် ပူနွေးလျက်ရှိပါ၏။ ယခုကြည့်ပါ။ အောက်လျက် မှိုတက်လျက်ရှိပါ၏။

13. စပျစ်ရည်ပြည့်သော ဤသားရေဘူးတို့သည် အသစ်ဖြစ်သော်လည်း၊ ယခုကြည့်ပါ စုတ်ကွဲလျက်ရှိပါ၏။ ဤအဝတ် ဤခြေနင်းတို့သည်လည်း အလွန်ခရီးဝေးသောကြောင့် ဟောင်းနွမ်းပါပြီဟု ပြန်လျှောက်ကြ၏။

14. ဣသရေလလူတို့သည် ထာဝရဘုရားထံတော်၌ အခွင့်မပန်ဘဲ ထိုသူတို့၏ရိက္ခာကို စားကြ၏။

15. ယောရှုသည်လည်း သူတို့ကိုစစ်မှုနှင့်လွတ်စေ၍၊ အသက်ချမ်းသာစေမည်အကြောင်း မိဿဟာယဖွဲ့၏။ ပရိသတ်မင်းတို့သည်လည်း ကျိန်ဆိုခြင်းကိုပြုကြ၏။

16. မိဿဟာယဖွဲ့၍ သုံးရက်လွန်သောအခါ၊ ထိုသူတို့သည် အိမ်နီးချင်းဖြစ်၍၊ အနားမှာနေကြောင်းကို ဣသရေလအမျိုးသားတို့သည် ကြားသိလျှင်၊

17. ခရီးသွား၍ သုံးရက်မြောက်သောနေ့၌ သူတို့မြို့ရွာသို့ ရောက်ကြ၏။ သူတို့မြို့ကား ဂိဗောင်မြို့၊ ခေဖိရာ မြို့၊ ဗေရုတ်မြို့၊ ကိရယတ်ယာရိမ်မြို့တည်း။

18. ပရိသတ်အကဲအမှူးတို့သည် ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားကို တိုင်တည်၍ ကျိန်ဆိုခြင်းကို ပြုသောကြောင့်၊ ဣသရေလအမျိုးသားတို့သည် သူတို့ကို မလုပ်ကြံကြ။ ပရိသတ်အပေါင်းတို့သည် အကဲအမှူးတို့ကို အပြစ်တင်ကြ၏။

19. အကဲအမှူးတို့ကလည်း၊ ငါတို့သည် ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားကိုတိုင်တည်၍ ကျိန်ဆိုခြင်းကိုပြုသောကြောင့် သူတို့ကို မထိမခိုက်ရ။

20. သူတို့အားကျိန်ဆိုမိသောကြောင့် အပြစ်ဒဏ်ရောက်မည်ကို စိုးရိမ်၍၊ အသက်ချမ်းသာပေးသဖြင့် အဘယ်သို့ ပြုရမည်နည်းဟူမူကား၊

21. အကဲအမှူးများဂတိရှိသည်အတိုင်း အသက်ချမ်းသာပေး၍၊ ပရိသတ်အပေါင်းတို့အဘို့ ထင်းခုတ်သောသူ၊ ရေခပ်သောသူ ဖြစ်စေရမည်ဟု ပရိသတ်အပေါင်းတို့အား ပြန်ပြောကြ၏။

22. ယောရှုသည်လည်း သူတို့ကိုခေါ်၍၊ သင်တို့သည် ငါတို့အနားမှာနေလျက်ပင်၊ ဝေးသောအရပ်ကလာပါပြီဟုဆို၍ ငါတို့ကို အဘယ်ကြောင့် လှည့်စားကြသနည်း။

23. ယခုမှာ သင်တို့သည် ကျိန်အပ်သောသူဖြစ်သဖြင့်၊ ကျွန်ခံ၍ ငါ၏ဘုရားသခင် အိမ်တော်အဘို့ ထင်းခုတ်ခြင်း၊ ရေခပ်ခြင်းအမှုနှင့် တယောက်မျှမလွတ်ရဟု ဆို၏။

24. သူတို့ကလည်း၊ ဤပြည်တရှောက်လုံးကို သင်တို့အားပေး၍၊ ပြည်သူပြည်သားအပေါင်းတို့ကို သင်တို့ရှေ့မှ ပယ်ရှင်းခြင်းငှါ၊ ကိုယ်တော်၏ ဘုရားသခင် ထာဝရဘုရားသည် မိမိကျွန်မောရှေအား မှာထားတော်မူကြောင်းကို ကိုယ်တော်ကျွန်တို့သည် ဆက်ဆက်ကြားသိ၍၊ သင်တို့လက်၌ အသက်ဆုံးမည်ကို အလွန်ကြောက်သောကြောင့်၊ ဤအမှုကို ပြုပါပြီ။

25. ယခုမှာ ကျွန်တော်တို့သည် ကိုယ်တော်လက်တွင် ရှိပါ၏။ ကျွန်တော်တို့၌ ပြုကောင်းပြုသင့်သည်ဟု စိတ်တော်ထင်သည်အတိုင်း ပြုတော်မူပါဟု ယောရှုအား ပြန်လျှောက်ကြ၏။

26. ထိုသို့နှင့်အညီ ယောရှုသည် ပြု၍၊ သူတို့ကို အသက်ချမ်းသာစေခြင်းငှါ ဣသရေလလူတို့လက်မှ ကယ်နှုတ်သဖြင့်၊

27. ထာဝရဘုရား ရွေးကောက်တော်မူသောအရပ်၌ တည်သော ယဇ်ပုလ္လင်တော်အဘို့နှင့် ပရိသတ်တော်တို့အဘို့ ထိုသူတို့သည် ယနေ့တိုင်အောင် ထင်းခုတ်၍ ရေခပ်ရမည်အကြောင်း၊ ထိုနေ့၌ စီရင်လေ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယော​ရှု 9