ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယော​ရှု 7:11-26 Judson Bible (BJB)

11. ဣသရေလအမျိုးသည် ပြစ်မှားပြီ။ ငါမှာထားသော ပဋိညာဉ်တရားကို ဖျက်လေပြီ။ ကျိန်အပ်သောအရာကို ခိုးယူ၍ ပရိယာယ်ပြုသဖြင့် မိမိဥစ္စာထဲမှာ ထားလေပြီ။

12. ထိုသို့ ဣသရေလအမျိုးသားတို့သည် ကျိန်အပ်သောသူဖြစ်သောကြောင့်၊ ရန်သူတို့ရှေ့မှာ မခံမရပ်နိုင်၊ ကျောကို လှည့်ရကြ၏။ ကျိန်အပ်သောသူကို သင်တို့အထဲက မပယ်မရှင်းလျှင် သင်တို့နှင့်အတူ ငါမနေ။

13. ထ၍ လူများတို့ကို သန့်ရှင်းစေလော့။ နက်ဖြန်နေ့အဘို့ ကိုယ်ကိုကိုယ် သန့်ရှင်းစေကြဟု ဆင့်ဆိုလော့။ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ အိုဣသရေလအမျိုး၊ ကျိန်အပ်သောအရာသည် သင်တို့အထဲ၌ ရှိ၏။ ထိုအရာကို သင်တို့အထဲက မပယ်မရှင်းမှီတိုင်အောင် ရန်သူတို့ရှေ့မှာ မခံမရပ်နိုင်ကြ။

14. နက်ဖြန်နံနက်၌ သင်တို့သည် အမျိုးအနွယ်အလိုက် ချဉ်းကပ်ရကြမည်။ ထာဝရဘုရား မှတ်တော်မူသော အမျိုးသည်၊ အဆွေအမျိုးအလိုက် ချဉ်းကပ်ရကြ မည်။ ထာဝရဘုရားမှတ်တော်မူသောအမျိုးသည်၊ အိမ်ထောင်စုံနှင့် ချဉ်းကပ်ရကြမည်။ ထာဝရဘုရား မှတ်တော်မူသောအိမ်ထောင်သည် လူအသီးသီး ချဉ်းကပ်ရကြမည်။

15. ကျိန်အပ်သောအရာပါလျက် မှတ်တော်မူသောသူမှစ၍၊ သူ၌ရှိသမျှတို့ကို မီးရှို့ရကြမည်။ အကြောင်းမူကား၊ သူသည် ထာဝရဘုရား၏ပဋိညာဉ်တရားကို ဖျက်၍ ဣသရေလအမျိုး၌ အဓမ္မအမှုကိုပြုလေပြီဟု ယောရှုအား မိန့်တော်မူ၏။

16. နံနက်စောစော ယောရှုသည်ထ၍ ဣသရေလလူတို့ကို အမျိုးအနွယ်အလိုက် ဆောင်ခဲ့သဖြင့် ယုဒအမျိုးကို မှတ်တော်မူ၏။

17. ယုဒအမျိုးကို ဆောင်ခဲ့သဖြင့်၊ ဇေရိအဆွေအမျိုးကို မှတ်တော်မူ၏။ ဇေရိအဆွေအမျိုး အိမ်ထောင်စုံ အသီးအသီးတို့ကို ဆောင်ခဲ့သဖြင့် ဇာဗဒိအိမ်ထောင်ကို မှတ်တော်မူ၏။

18. ထိုအိမ်ထောင် လူအသီးအသီးတို့ကို ဆောင်ခဲ့သဖြင့် ယုဒအမျိုး၊ ဇေရ၊ ဇာဗဒိ၊ ကာမိတို့မှ ဆင်းသက်သောအာခန်ကို မှတ်တော်မူ၏။

19. ယောရှုကလည်း၊ ငါ့သား၊ ဣသရေလအမျိုး၏ဘုရားသခင် ထာဝရဘုရားကို ချီးမွမ်း၍ ရှေ့တော်၌ ကိုယ်အပြစ်ကိုဘော်ပြတောင်းပန်ပါလော့။ သင်ပြုသောအမှုကို ငါ့အားပြောပါလော့။ ဝှက်၍မထားပါနှင့်ဟု အာခန်အားဆိုလျှင်၊

20. အာခန်က၊ ဟုတ်ပါ၏။ ဣသရေလအမျိုး၏ဘုရားသခင် ထာဝရဘုရားကို ကျွန်တော်ပြစ်မှားပါပြီ။ ကျွန်တော်ပြုမိသောအမှုဟူမူကား၊

21. လုယူသောဥစ္စာတို့တွင် မြတ်သောဗာဗုလုန်ဝတ်လုံ၊ ငွေနှစ်ပိဿာ၊ ရွှေတုံးအကျပ်ငါးဆယ်ကို ကျွန်တော်မြင်သဖြင့်၊ တပ်မက်၍ သိမ်းယူမိပါပြီ။ ကျွန်တော်တဲအတွင်း မြေ၌မြှုပ်လျက် ငွေသည် အောက်ဆုံးရှိပါသည်ဟု ယောရှုအား ပြန်လျှောက်လေ၏။

22. ထိုအခါ ယောရှုစေလွှတ်သောသူတို့သည် တဲသို့ပြေး၍ ထိုဥစ္စာသည် တဲအတွင်းမြေ၌မြှုပ်လျက်၊ ငွေသည် အောက်ဆုံးရှိသည်ကို တွေ့သော်၊

23. တဲထဲကထုတ်၍ ယောရှုထံ ဣသရေလအမျိုးသားများရှေ့သို့ ဆောင်သွားသဖြင့်၊ ထာဝရဘုရားရှေ့တော်၌ ထားကြ၏။

24. ယောရှုနှင့် ဣသရေလအမျိုးသားအပေါင်းတို့သည်၊ ဇေရသားအာခန်မှစ၍ ထိုငွေ၊ ဝတ်လုံ၊ ရွှေတုံး၊ သားသမီး၊ သိုးနွားမြည်း၊ တဲနှင့်တကွ သူ၌ရှိသမျှတို့ကို အာခေါ်ချိုင့်သို့ဆောင်သွားပြီးမှ၊

25. ယောရှုက၊ ငါတို့ကို အဘယ်ကြောင့် နှောင့်ရှက်သနည်း။ ယနေ့ ထာဝရဘုရားသည် သင့်ကို နှောင့်ရှက်တော်မူမည်ဟု ဆိုသဖြင့်၊ ဣသရေလအမျိုးသားအပေါင်းတို့သည် ကျောက်ခဲနှင့် ပစ်ကြ၏။ ကျောက်ခဲနှင့် ပစ်ကြပြီးမှ၊ မီးရှို့ကြ၏။

26. သူ့အပေါ်၌ များစွာသော ကျောက်တို့ကို ပုံထားကြ၍ ယနေ့တိုင်အောင်ရှိ၏။ ထာဝရဘုရားသည်လည်း အမျက်တော်အရှိန်ကို ငြိမ်းစေတော်မူ၏။ ထိုအမှုကို အစွဲပြု၍ ထိုချိုင့်ကို ယနေ့တိုင်အောင် အာခေါ်ချိုင့်ဟု ခေါ်ဝေါ်ကြသတည်း။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယော​ရှု 7