ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယော​ရှု 6:11-25 Judson Bible (BJB)

11. ထိုသို့ ထာဝရဘုရား၏သေတ္တာတော်သည် မြို့ကိုတကြိမ် လှည့်ပတ်ဝိုင်းသွားပြီးလျှင်၊ တပ်ထဲသို့ဝင်ပြန်၍ ညဉ့်ကိုလွန်စေကြ၏။

12. နံနက်စောစောယောရှုသည်ထ၍ ယဇ်ပုရောဟိတ်တို့သည် ထာဝရဘုရား၏ သေတ္တာတော်ကို ထမ်းယူကြ၏။

13. ထာဝရဘုရား၏သေတ္တာတော်ရှေ့မှာ ယုဘိလတံပိုးခုနစ်လုံးကို ဆောင်သော ယဇ်ပုရောဟိတ် ခုနစ်ယောက်တို့သည် သွားမြဲသွား၍ တံပိုးမှုတ်ကြ၏။ လက် နက်ကိုင်တို့သည် သူတို့ရှေ့မှာသွား၍ ယဇ်ပုရောဟိတ်များ တံပိုးမှုတ်လျက် သွားကြစဉ်၊ နောက်တပ်သားတို့သည် ထာဝရဘုရား၏သေတ္တာတော်နောက်သို့ လိုက်ကြ၏။

14. ဒုတိယနေ့၌ မြို့ကိုတကြိမ်လှည့်ပတ်ပြီးမှ တပ်ထဲသို့ ပြန်လာကြ၏။ ထိုသို့ ခြောက်ရက်ပတ်လုံးပြုကြ၏။

15. သတ္တမနေ့ နံနက်စောစော မိုဃ်းလင်းစကထ၍ အရင်နည်းတူ၊ ခုနစ်ကြိမ်တိုင်အောင် မြို့ကို လှည့်ပတ်ကြ၏။ ထိုနေ့၌သာ ခုနစ်ကြိမ်တိုင်အောင် မြို့ကို လှည့်ပတ်ရကြ၏။

16. သတ္တမအကြိမ်တွင် ယဇ်ပုရောဟိတ်တို့သည် တံပိုးမှုတ်သောအခါ၊ ယောရှုက၊ ကြွေးကြော်ကြလော့။ ထာဝရဘုရားသည် သင်တို့အားမြို့ကို ပေးတော်မူမည်။

17. မြို့နှင့်တကွ မြို့၌ရှိသမျှတို့ကို ကျိန်၍ ထာဝရဘုရား၌ အပ်ရမည်။ သို့ရာတွင် ပြည်တန်ဆာရာခပ်သည် ငါတို့စေလွှတ်သောတမန်တို့ကို ဝှက်ထားသောကြောင့်၊ သူနှင့်တကွ သူ၏အိမ်၌ရှိသမျှတို့အား အသက်ချမ်းသာပေးရမည်။

18. သင်တို့သည် ကျိန်အပ်သောအရာကို သတိနှင့် ရှောင်ကြလော့။ သို့မဟုတ် ထိုအရာကို သိမ်းယူလျှင် မိမိတို့ကို၎င်း၊ ဣသရေလတပ်ကို၎င်း အကျိန်ခံစေ၍၊ နှောင့် ရှက်မည်ကို စိုးရိမ်စရာရှိ၏။

19. ရွှေငွေကို၎င်း၊ ကြေးဝါတန်ဆာ၊ သံတန်ဆာရှိသမျှတို့ကို၎င်း၊ ထာဝရဘုရားအဘို့သန့်ရှင်းစေ၍၊ ဘဏ္ဍာတော်ထဲသို့ သွင်းထားရကြမည်ဟု လူများတို့အား ယောရှုသည်မှာထားလေ၏။

20. ထိုသို့နှင့်အညီ တံပိုးကိုမှုတ်၍၊ လူများတို့သည် ကြွေးကြော်ကြ၏။ တံပိုးသံကို ကြား၍ ကျယ်သောအသံနှင့် ကြွေးကြော်ကြသောအခါ၊ မြို့ရိုးသည် အကုန်အစင် ပြိုလဲ၍၊ လူများအပေါင်းတို့သည် မြို့ထဲသို့ တည့်တည့်ဝင်ပြီးလျှင် သိမ်းယူကြ၏။

21. မြို့ထဲ၌ ရှိသမျှသော ယောက်ျား၊ မိန်းမ၊ အကြီး အငယ်၊ သိုး၊ နွား၊ မြည်းရှိသမျှတို့ကို ထားနှင့် ရှင်းရှင်းဖျက်ဆီးကြ၏။

22. ထိုပြည်ကို စူးစမ်းသောလူနှစ်ယောက်တို့အား ယောရှုက၊ သင်တို့သည် ကျိန်ဆိုသည်အတိုင်း၊ ပြည်တန်ဆာမိန်းမအိမ်သို့ သွား၍၊ သူနှင့်တကွ သူ၌ရှိသမျှတို့ကို ဆောင်ခဲ့ကြလော့ဟု မှာလိုက်သည်အတိုင်း၊

23. တံလျှိုလုပ်သောလုလင်တို့သည် ဝင်၍၊ ရာခပ်နှင့် သူ့မိဘ၊ သူ့မောင်များ၊ သူ၌ရှိသမျှတို့ကို၎င်း၊ သူ့ပေါက်ဘော်အပေါင်းတို့ကို၎င်း ထုတ်ဆောင်ခဲ့၍၊ ဣသရေလတပ်ပြင်မှာ ထားပြီးလျှင်၊

24. မြို့နှင့်တကွ မြို့၌ရှိသမျှတို့ကို မီးရှို့ကြ၏။ သို့ရာတွင် ရွှေငွေကို၎င်း၊ ကြေးဝါတန်ဆာ၊ သံတန်ဆာတို့ကို၎င်း၊ ထာဝရဘုရား၏ ဘဏ္ဍာတော်ထဲသို့ သွင်းထားကြ၏။

25. ယောရှုသည်လည်း၊ ပြည်တန်ဆာရာခပ်နှင့် သူ့ပေါက်ဘော်၊ သူ၌ရှိသမျှတို့ကို အသက်ချမ်းသာပေး၍၊ သူသည်ဣသရေလအမျိုးသားတို့တွင် ယနေ့တိုင်အောင် နေရလေ၏။ အကြောင်းမူကား၊ ယေရိခေါမြို့ကို စူးစမ်းစေခြင်းငှါ၊ ယောရှုစေလွှတ်သော တမန်တို့ကို သူသည်ဝှက်ထားသောကြောင့်တည်း။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယော​ရှု 6