ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယော​ရှု 24:18-32 Judson Bible (BJB)

18. ထာဝရဘုရားသည်လည်း၊ ဤပြည်၌ နေသောသူ အာမောရိလူအပေါင်းတို့ကို ငါတို့ရှေ့မှ နှင်ထုတ်တော်မူပြီ။ ထာဝရဘုရားအား ဝတ်ပြုပါမည်။ ထိုဘုရားသည် ငါတို့ဘုရားသခင်ဖြစ်တော်မူသည်ဟု ပြန်ပြောကြ၏။

19. ယောရှုကလည်း၊ သင်တို့သည် ထာဝရဘုရားအား ဝတ်မပြုနိုင်။ ထိုဘုရားသည် သန့်ရှင်းသောဘုရား၊ အပြစ်ရှိသည်ဟု ထင်လွယ်သောဘုရား ဖြစ်တော်မူ၏။ သင်တို့လွန်ကျူးပြစ်မှားသောအပြစ်တို့ကို သည်းခံတော်မမူ။

20. သင်တို့သည် ထာဝရဘုရားကိုစွန့်၍ တကျွန်းတနိုင်ငံ ဘုရားတို့ကို ဝတ်ပြုလျှင်၊ သင်တို့၌ ကျေးဇူးပြုတော်မူပြီးမှ တဖန်လှည့်၍ ညှဉ်းဆဲဖျက်ဆီးတော်မူမည်ဟု ဆိုလျှင်၊

21. လူများတို့က၊ မဟုတ်ပါ။ ထာဝရဘုရားကိုသာ ဝတ်ပြုပါမည်ဟု ပြန်လျှောက်ကြ၏။

22. ယောရှုကလည်း၊ သင်တို့သည် ထာဝရဘုရားကိုဝတ်ပြုခြင်းငှါ ထိုဘုရားကို ရွေးကြပြီဟု ကိုယ်အမှု၌ကိုယ်သက်သေခံကြသည်ဟုဆိုလျှင် သူတို့က၊ သက်သေခံ ကြပါ၏ဟု လျှောက်ကြသော်၊

23. ယောရှုက၊ သို့ဖြစ်လျှင်၊ သင်တို့တွင်ရှိသော တကျွန်းတနိုင်ငံဘုရားတို့ကို ပယ်၍ ဣသရေလအမျိုး၏ဘုရားသခင် ထာဝရဘုရားဘက်သို့ စိတ်နှလုံးကို ညွှတ်ကြလော့ဟု ဆိုလေ၏။

24. လူများတို့ကလည်း၊ ငါတို့ဘုရားသခင် ထာဝရဘုရားကို ဝတ်ပြုပါမည်။ စကားတော်ကို နားထောင်ပါမည်ဟု ဝန်ခံပြီးမှ၊

25. ယောရှုသည် ထိုနေ့၌ လူများတို့နှင့် ပဋိညာဉ်ပြု၍ ရှေခင်မြို့မှာ စီရင်ထုံးဖွဲ့ချက်ကို ထားလေ၏။

26. ထိုစကားကိုလည်း ဘုရားသခင်၏ဓမ္မကျမ်းစာ၌ ရေးထား၍၊ ထာဝရဘုရား၏ သန့်ရှင်းရာဌာနတော်နားမှာရှိသော သပိတ်ပင်အောက်၌ ကျောက်ကြီးကို ထောင်လျက်၊

27. ဤကျောက်သည် ငါတို့အား သက်သေဖြစ်ရလိမ့်မည်။ ထာဝရဘုရားမိန့်တော်မူသော စကားအလုံးစုံကို ကြားရပြီ။ သို့ဖြစ်၍ သင်တို့သည် ဘုရားသခင်ကို ငြင်းပယ်ခြင်းနှင့် ကင်းလွတ်မည်အကြောင်း သင်တို့အား သက်သေဖြစ်ရလိမ့်မည်ဟု လူအပေါင်းတို့အားပြောဆိုပြီးမှ၊

28. အသီးအသီး မိမိတို့အမွေခံရာအရပ်သို့ ပြန်သွားရသောအခွင့်ကို ပေးလေ၏။

29. ထိုနောက်မှ ထာဝရဘုရား၏ကျွန်၊ နုန်၏သားယောရှုသည် အသက်တရာတဆယ်ရှိသော် အနိစ္စရောက်လေ၏။

30. ဧဖရိမ်တောင်ပေါ်၊ ဂါရှကုန်းမြောက်မှာရှိသော သူ၏အမွေခံရာ တိမနဿေရမြို့နယ်မြေ၌ သင်္ဂြိုဟ်ကြ၏။

31. ယောရှုလက်ထက်ကာလပတ်လုံး ဣသရေလအမျိုးသားတို့သည် ထာဝရဘုရားကို ဝတ်ပြုကြ၏။ ထာဝရဘုရားသည် ဣသရေလအမျိုးအဘို့ ပြုတော်မူ သမျှတို့ကိုသိ၍ ယောရှုမရှိသည်နောက် အသက်ရှင်သေးသော အသက်ကြီးသူတို့လက်ထက်၌လည်း ထာဝရဘုရားကို ဝတ်ပြုကြ၏။

32. ဣသရေလအမျိုးသားတို့သည် အဲဂုတ္တုပြည်မှ ဆောင်ခဲ့သော ယောသပ်၏အရိုးတို့ကို၊ ရှေခင်၏အဘဟာမော်၏သားတို့တွင် ငွေတပိဿာနှင့် ယာကုပ်ဝယ်သောရှေခင်မြို့နယ် မြေအကွက်၌ သင်္ဂြိုဟ်ကြ၏။ ထိုမြေအကွက်သည် ယောသပ်သားတို့ အမွေမြေဖြစ်သတည်း။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယော​ရှု 24