1. ယောရှုသည် အို၍အသက်ကြီးရင့်သောအခါ၊ ထာဝရဘုရားက၊ သင်သည် အို၍ အသက်ကြီးရင့်ပြီ။ သိမ်းယူရမည့်မြေလည်း အများကျန်သေး၏။
2. ကျန်သောမြေဟူမူကား၊ ဖိလိတ္တိပြည်မှစ၍ ဂေရှုရိပြည်တရှောက်လုံး၊
3. အဲဂုတ္တုပြည်အရှေ့၊ ရှိဟောရမြစ်မှစ၍ မြောက်မျက်နှာ၌ ဧကြုန်မြို့နယ်တိုင်အောင်၊ ခါနနိလူနေသောပြည်၊ ဖိလိတ္တိမင်းငါးပါးတည်းဟူသော ဂါဇသိလူ၊ အာဇောတိလူ၊ ဧရှကလောနိလူ၊ ဂိတ္တိလူ၊ ဧကြောနိလူနှင့်တကွ၊ အာဝိလူနေသောပြည်၊
4. တောင်မျက်နှာမှစ၍ အာမောရိပြည် အာဖက်မြို့တိုင်အောင်၊ ခါနနိပြည်တရှောက်လုံးနှင့် ဇိဒုန်ပြည်အနားမှာရှိသော မာရာပြည်၊
5. နေထွက်ရာဘက်၊ ဟေရမုန်တောင်ခြေရင်း၌ ဗာလဂဒ်မြို့မှစ၍ ဟာမတ်ပြည်အဝင်တိုင်အောင် ဂေဗလပြည်၊ လေဗနုန်ပြည် တရှောက်လုံးကျန်သတည်း။
6. လေဗနုန်တောင်မှစ၍ မိသရဖောသမိမ်မြို့တိုင်အောင်၊ တောင်ပေါ်၌နေသောသူနှင့် ဇိဒေါနိလူအပေါင်းတို့ကို ဣသရေလအမျိုးသားရှေ့မှ ငါနှင်ထုတ်မည်။ သို့ဖြစ်၍ငါမှာထားသည်အတိုင်း စာရေးတံပြုလျက် ထိုမြေကို ဣသရေလလူတို့အား အမွေဝေဖန်လော့။
7. ယခုမှာ ဤပြည်ကို ဣသရေလအမျိုးကိုးမျိုးနှင့် မနာရှေအမျိုးတဝက်တို့အား အမွေဝေဖန်လော့။
8. ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေအမျိုးတဝက်တို့သည် ယော်ဒန်မြစ်အရှေ့ဘက်၊ မောရှေပေးသည်အတိုင်း မိမိတို့အမွေမြေကိုခံကြပြီဟု မိန့်တော်မူ၏။
9. ထာဝရဘုရား၏ကျွန်မောရှေပေးသော မြေဟူမူကား၊ အာနုန်မြစ်နား၌ရှိသော အာရော်မြို့၊ မြစ်အကွေ့၌ရှိသမျှသောမြို့တို့နှင့်တကွ၊ ဒိဘုန်မြို့တိုင်အောင် မေဒဘလွင်ပြင်တရှောက်လုံး၊
10. အမ္မုန်ပြည်စွန်းတိုင်အောင်၊ ဟေရှဘုန်မြို့၌ မင်းပြုသော အာမောရိရှင်ဘုရင်ရှိဟုန် အစိုးရသောမြို့ရှိသမျှ၊
11. ဂိလဒ်ပြည်၊ ဂေရှုရိလူ၊ မာခါသိလူနေသောပြည်၊ ဟေရမုန်တောင်ရှိသမျှ၊ သာလကပြည်တိုင်အောင် ဗာရှန်ပြည်တရှောက်လုံး၊
12. အလွန်ကြီးမားသောလူမျိုးထဲက ကျန်ကြွင်းသောသူ၊ အာရှတရုတ်မြို့၊ ဧဒြိမြို့၌ မင်းပြုသော ဗာရှန်ရှင်ဘုရင်ဩဃ၏ နိုင်ငံတရှောက်လုံးပါသတည်း။ ထိုမင်းတို့ကို မောရှေသည် လုပ်ကြံ၍ပယ်ရှားလေ၏။
13. သို့ရာတွင် ဣသရေလလူတို့သည် ဂေရှုရိလူ၊ မာခါသိလူတို့ကို မနှင်ထုတ်ကြ။ ထိုလူမျိုးတို့သည် ယနေ့တိုင်အောင် ဣသရေလအမျိုးသားတို့နှင့် အတူနေကြ၏။
14. လေဝိအမျိုးသား အမွေကိုမပေး။ ဣသရေလအမျိုး၏ဘုရားသခင် ထာဝရဘုရားအား မီးဖြင့်ပူဇော်သောယဇ်တို့သည် အမိန့်တော်ရှိသည်အတိုင်း သူတို့အမွေ ဖြစ်သတည်း။