ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယော​ရှု 11:11-23 Judson Bible (BJB)

11. ထိုမြို့သူမြို့သားအပေါင်းတို့ကို ထားနှင့် ကွပ်မျက်သဖြင့် တယောက်ကိုမျှ အသက်ရှင်စေခြင်းငှါမထား။ ရှင်းရှင်းဖျက်ဆီး၍ မြို့ကိုလည်းမီးရှို့လေ၏။

12. ထာဝရဘုရား၏ကျွန် မောရှေမှာထားသည်အတိုင်း၊ ထိုမင်းကြီးများအစိုးရသော မြို့ရှိသမျှတို့နှင့် မင်းကြီးအပေါင်းတို့ကိုယောရှုတိုက်ယူ၍ ထားနှင့် လုပ်ကြံသဖြင့် ရှင်းရှင်းဖျက်ဆီးလေ၏။

13. သို့ရာတွင်၊ ဟာဇော်မြို့မှတပါး၊ တောင်ပေါ်၌တည်သောမြို့တို့ကို ဣသရေလလူတို့သည် မီးမရှို့ကြ။ ဟာဇော်မြို့တမြို့ကိုသာ ယောရှုမီးရှို့သတည်း။

14. ထိုမြို့များ၌လက်ရဥစ္စာနှင့် တိရစ္ဆာန်ရှိသမျှတို့ကို ဣသရေလလူတို့သည် ကိုယ်အဘို့သိမ်းယူကြ၏။ လူတို့ကို မဖျက်ဆီးမှီတိုင်အောင် ရှိသမျှတို့ကို ထားနှင့် လုပ်ကြံကြ၏။ တယောက်ကိုမျှ အရှင်မကျန်ကြွင်းစေကြ။

15. ထာဝရဘုရားသည် မိမိကျွန်မောရှေကို မှာထားတော်မူသည်အတိုင်း၊ မောရှေသည် ယောရှုကို ဆင့်ဆို၏။ ယောရှုလည်း ထိုသို့ ပြုလေ၏။ ထာဝရဘုရားသည် မောရှေကိုမှာထားတော်မူသမျှသောအမှု တစုံတခုကို လှပ်၍မထား။

16. ထိုသို့ စိရလမ်းတွင်ရှိသော ဟာလက်တောင်မှစ၍ ဟေရမုန်တောင်ခြေရင်း၊

17. လေဗနုန်ချိုင့်၌ရှိသော ဗာလဂဒ်မြို့တိုင်အောင်၊ တောင်ပေါ်အရပ်၊ တောင်မျက်နှာအရပ်၊ ဂေါရှင်ပြည်၊ ချိုင့်များ၊ လွင်ပြင်များ၊ ဣသရေလတောင်၊ ဣသရေလချိုင့်နှင့်တကွ ထိုပြည်အလုံးစုံကို ယောရှုသည်သိမ်းယူ၍၊ မင်းကြီးအပေါင်းတို့ကိုအောင်သဖြင့် လုပ်ကြံကွပ်မျက်လေ၏။

18. ထိုမင်းကြီးအပေါင်းတို့ကို ကာလကြာမြင့်စွာ စစ်တိုက်ရ၏။

19. ဟိဝိလူ၊ ဂိဗောင်မြို့သားမှတပါး ဣသရေလအမျိုးသားတို့နှင့် မိဿဟာယဖွဲ့သော မြို့တမြို့မျှမရှိ။ အခြားသောမြို့ရှိသမျှတို့ကို တိုက်၍ အနိုင်သိမ်းယူရကြ၏။

20. အကြောင်းမူကား၊ ထာဝရဘုရားသည် မောရှေကို မှာထားတော်မူသည်အတိုင်း၊ ထိုလူမျိုးတို့ကို ကျေးဇူးမပြု အကုန်အစင် သုတ်သင်ပယ်ရှင်းစေမည်အကြောင်း၊ သူတို့သည် ဣသရေလအမျိုးသားတို့ကို ဆီး၍ တိုက်ဝံ့သည်တိုင်အောင် သူတို့စိတ်နှလုံးခိုင်မာစေခြင်းငှါ ထာဝရဘုရားအလိုရှိတော်မူသတည်း။

21. ထိုကာလအခါ ယောရှုသည် ချီသွား၍၊ အာနကလူတို့ကို တောင်ပေါ်အရပ် ဟေဗြုန်မြို့၊ ဒေဗိရမြို့၊ အာနပ်မြို့၊ ယုဒတောင်၊ ဣသရေလတောင်ရှိသမျှတို့မှ ပယ် ရှား၍၊ သူတို့မြို့များနှင့်တကွ ရှင်းရှင်းဖျက်ဆီးလေ၏။

22. ဂါဇမြို့၊ ဂါသမြို့၊ အာဇုတ်မြို့မှတပါး၊ ဣသရေလတိုင်းနိုင်ငံတွင် ကျန်ကြွင်းသော အာနကလူတယောက်မျှမရှိ။

23. ထာဝရဘုရားသည် မောရှေကို မိန့်တော်မူသမျှအတိုင်း၊ ယောရှုသည် ထိုပြည်တရှောက်လုံးကို သိမ်းယူ၍ ဣသရေလအမျိုးအနွယ် အသီးသီးတို့အား အမွေပေးသဖြင့်၊ တပြည်လုံးစစ်ငြိမ်းလေ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယော​ရှု 11