ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယော​ရှု 10:1-16 Judson Bible (BJB)

1. ယောရှုသည် ယေရိခေါမြို့နှင့် မင်းကြီးကို ပြုသကဲ့သို့၊ အာဣမြို့နှင့် မင်းကြီးကို တိုက်ယူ၍ ရှင်းရှင်းဖျက်ဆီးကြောင်းကို၎င်း၊ ဂိဗောင်မြို့သားတို့သည် ဣသရေလ အမျိုးသားတို့နှင့် မိဿဟာယဖွဲ့၍ အတူနေကြောင်းကို၎င်း၊ ယေရုရှလင်မင်းကြီးအဒေါနိဇေဒက်သည် ကြားသောအခါ၊

2. ဂိဗောင်မြို့သည် မြို့တော်ကဲ့သို့ ကြီးစွာသောမြို့၊ အာဣမြို့ထက်ကြီး၍ မြို့သားယောက်ျား အပေါင်းတို့သည် ခွန်အားနှင့်ပြည့်စုံသောကြောင့် အလွန်ကြောက်ရွံ့ကြ၏။

3. ထိုအခါ ယေရုရှလင်မင်းကြီးအဒေါနိဇေဒက်သည်၊ ဟေဗြုန်မင်းကြီးဟောဟံ၊ ယာမုတ်မင်းကြီးပိရံ၊ လာခိရှမင်းကြီးယာဖျာ၊ ဧဂလုန်မင်းကြီး ဒေပိရတို့ထံသို့ စေလွှတ်၍၊

4. ဂိဗောင်မြို့သည် ယောရှုမှစ၍ ဣသရေလအမျိုးသားတို့နှင့် မိဿဟာယဖွဲ့သောကြောင့်၊ ထိုမြို့ကို လုပ်ကြံခြင်းငှါ ငါ့ထံသို့လာ၍ ငါနှင့်အတူ ကူညီကြပါဟု နှိုးဆော်သည်အတိုင်း၊

5. ယေရုရှလင်မင်းကြီး၊ ဟေဗြုန်မင်းကြီး၊ ယာမုတ်မင်းကြီး၊ လာခိရှမင်းကြီး၊ ဧဂလုန်မင်းကြီးတည်းဟူသော အာမောရိမင်းကြီးငါးပါးတို့သည် စည်းဝေး၍ မိမိတို့ဗိုလ်ပါစစ်သည် အပေါင်းတို့နှင့်တကွ စစ်ချီ၍၊ ဂိဗောင်မြို့ရှေ့မှာ တပ်ချလျက် စစ်တိုက်ကြ၏။

6. ဂိဗောင်မြို့သားတို့သည် ယောရှုရှိရာ ဂိလဂါလမြို့သို့ စေလွှတ်၍၊ ကိုယ်တော်၏ ကျွန်တို့ကို ကြည့်ရှုလျက်နေတော်မမူပါနှင့်။ အလျင်အမြန်ကြွ၍ မစကယ်တင် တော်မူပါ။ တောင်ပေါ်မှာနေသော အာမောရိမင်းကြီးအပေါင်းတို့သည် ကျွန်တော်တို့ကိုတိုက်ခြင်းငှါ စည်းဝေးကြပါပြီဟု လျှောက်ကြ၏။

7. ယောရှုသည်လည်း၊ စစ်မှု၌ကျင်လည်သောသူ၊ ခွန်အားကြီးသော သူရဲအပေါင်းတို့နှင့်တကွ၊ ဂိလဂါလမြို့မှ တက်သွားလေ၏။

8. ထာဝရဘုရားကလည်း၊ သူတို့ကို မကြောက်နှင့်။ သင်၏လက်၌ ငါအပ်မည်။ သင့်ရှေ့မှာ လူတစုံတယောက်မျှ မခံမရပ်နိုင်ရာဟု ယောရှုအား မိန့်တော်မူ၏။

9. ယောရှုသည် ဂိလဂါလမြို့မှ တညဉ့်လုံးချီသွား၍၊ ရန်သူတို့ကို အမှတ်တမဲ့တိုက်လာသဖြင့်၊

10. ထာဝရဘုရားသည် သူတို့ကို ဣသရေလအမျိုးသားရှေ့မှာ ရှုံးစေ၍၊ ဂိဗောင်မြို့အနားမှာ ကြီးစွာသော လုပ်ကြံခြင်းအားဖြင့်သတ်၍၊ ဗေသောရုံမြို့သို့ သွားသောလမ်း၌ လိုက်လျက်၊ အဇေကာမြို့၊ မက္ကဒါမြို့တိုင်အောင် လုပ်ကြံတော်မူ၏။

11. ထိုသူတို့သည် ဣသရေလလူတို့ရှေ့မှာပြေး၍ ဗေသောရုန်မြို့သို့ ဆင်းသွားရာတွင်၊ ထာဝရဘုရားသည် မိုဃ်းကောင်းကင်မှ ကြီးစွာသော မိုဃ်းသီးကို အဇေကာမြို့တိုင်အောင် သူတို့အပေါ်၌ ချတော်မူ၍၊ သူတို့သည် ဣသရေလလူတို့၏ ထားကြောင့် သေသည်ထက် မိုဃ်းသီးကြောင့် သာ၍သေကြ၏။

12. ထိုသို့ အာမောရိလူတို့ကို ဣသရေလအမျိုးသားတို့၌ အပ်တော်မူသောနေ့မှာ၊ ယောရှုသည် ထာဝရဘုရားကို ဆုတောင်းပြီးလျှင်၊ အိုနေ သင်သည်ဂိဗောင်မြို့၌၎င်း၊ အိုလ သင်သည်အာယလုန်ချိုင့်၌၎င်း ငြိမ်ဝပ်စွာနေလော့ဟု ဣသရေလအမျိုးသားများရှေ့တွင် မြွက်ဆိုသည်အတိုင်း၊

13. ဣသရေလလူတို့သည် ရန်သူတို့အားအပြစ်ဒဏ်မပေးမှီတိုင်အောင် နေသည် ငြိမ်ဝပ်စွာနေ၍ လသည်ရပ်လေ၏။ ယာရှာ၏စာ၌ပါသည်ကား၊ မိုဃ်း ကောင်းကင်အလယ်၌ နေသည်ရပ်နေ၏။ ဝင်မြဲဝင်အံ့သောငှါ တနေ့လုံး အလျှင်းမပြုဟု ပါသည်မဟုတ်လော။

14. ထာဝရဘုရားသည် လူစကားကို နားထောင်၍၊ ထိုသို့သောနေ့တနေ့မျှ မဖြစ်စဖူး။ နောက်ဖန်လည်းမဖြစ်။ အကြောင်းမူကား၊ ထာဝရဘုရားသည် ဣသရေလအမျိုးဘက်မှာ စစ်တိုက်တော်မူ၏။

15. ထိုနောက်၊ ယောရှုသည်၊ ဣသရေလလူအပေါင်းတို့နှင့်တကွ၊ ဂိလဂါလတပ်သို့ ပြန်သွား၏။

16. မင်းကြီးငါးပါးတို့သည်ပြေး၍ မက္ကဒါလိုင်ခေါင်း၌ ပုန်းလျက်နေကြ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယော​ရှု 10