ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယောဘဝတ္တု။ 7:1-15 Judson Bible (BJB)

1. လူတို့သည် မြေကြီးပေါ်မှာ ပင်ပန်းစွာအမှုထမ်းရသည် မဟုတ်လော။ သူနေရသော နေ့ရက်တို့သည် အငှါးခံသောသူ၏ နေ့ရက်ကဲ့သို့ ဖြစ်သည်မဟုတ်လော။

2. ကျွန်ခံရသောသူသည် မိုဃ်းချုပ်သောအချိန်ကို တောင့်တ၍၊ အငှါးခံသောသူသည် အခရမည့်အချိန်ကို မြော်လင့်သကဲ့သို့၊

3. ထိုနည်းတူငါသည် ဒုက္ခနေ့လတို့နှင့်ဆိုင်ရ၏။ ပင်ပန်းစွာခံရသော ညဉ့်တို့သည်လည်း ငါ၏အငန်းအတာ ဖြစ်၏။

4. အဘယ်အခါမှ ညဉ့်ကုန်၍ ငါထရပါမည်နည်းဟု ငါသည် ညည်းတွားလျက် အိပ်ရ၏။ မိုဃ်းလင်းသည်တိုင်အောင် လှိမ့်လျက် လူးလျက်နေရ၏။

5. လောက်နှင့်ရွှံ့တို့သည် အဝတ်ကဲ့သို့ ငါ့ကိုယ်ကို ဖုံးလွှမ်းကြ၏။ ငါ့အရေသည်ကွဲ၍ ယိလျက်ရှိ၏။

6. ငါ့နေ့ရက်တို့သည် ရက်ကန်းလွန်းထက်မြန်၍ မြော်လင့်ခြင်းမရှိဘဲ လွန်သွားတတ်ကြ၏။

7. ငါ့အသက်သည် လေသက်သက်ဖြစ်ကြောင်းကို အောက်မေ့တော်မူပါ။ နောက်တဖန်ကောင်းသောအကျိုးကို ငါမမြင်ရ။

8. ငါ့ကို မြင်သောသူသည် နောက်တဖန်မမြင်ရ။ ကိုယ်တော်သည် ကြည့်ရှုတော်မူသောအခါ ငါပျောက်ပါပြီ။

9. မိုဃ်းတိမ်သည် ပြယ်ပျောက်ကွယ်လွင့်သကဲ့သို့၊ သင်္ချၖိုင်းတွင်းထဲသို့ ဆင်းသောသူသည် နောက်တဖန်မတက်ရ။

10. မိမိအိမ်သို့မပြန်ရ။ သူ၏နေရင်းအရပ်သည် နောက်တဖန် သူ့ကိုမသိရ။

11. ထို့ကြောင့် ငါသည်ကိုယ်နှုတ်ကို မချုပ်တည်း။ စိတ်ပင်ပန်းလျက်နှင့်စကားပြောရ၏။ အလွန်ညှိုးငယ်သော စိတ်နှင့်မြည်တမ်းရ၏။

12. ငါသည် ပင်လယ်ဖြစ်သလော။ နဂါးဖြစ်သလော။ ထိုသို့ဖြစ်သောကြောင့် ငါ့ကိုအစောင့်ထားတော်မူရသလော။

13. ငါသည်အိပ်၍ သက်သာမည်။ ငါ့ခုတင်သည် ချမ်းသာပေးမည်ဟု ငါဆိုလျှင်၊

14. ကိုယ်တော်သည် ကြောက်မက်ဘွယ်သော အိပ်မက်ကိုပေးတော်မူ၏။ ညဉ့်ရူပါရုံအားဖြင့် ငါ့ကိုထိတ်လန့်စေတော်မူ၏။

15. ငါသည်ကိုယ်အရိုးကို နှမြောသည်ထက် အသက်ချုပ်၍သေရသောအခွင့်ကို သာ၍တောင့်တပါ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယောဘဝတ္တု။ 7