ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယောဘဝတ္တု။ 37:4-21 Judson Bible (BJB)

4. လျှပ်စစ်ပြက်ပြီးမှ အသံတော်ထွက်၏။ ဘုန်းအာနုဘော်တော်အသံနှင့် မိုဃ်းချုန်းတော်မူ၏။ အသံတော်မြည်သောအခါ မိုဃ်းသက်မုန်တိုင်းကို ချုပ်တည်းတော်မမူ။

5. အံ့ဩဘွယ်သောအခြင်းအရာပါလျက်၊ ဘုရားသခင်သည် အသံတော်နှင့် မိုဃ်းချုန်းတော်မူ၏။ ကြီးသောအမှု ငါတို့နားမလည်နိုင်သော အမှုတို့ကို ပြုတော်မူ၏။

6. မြေပေါ်မှာဖြစ်စေဟု မိုဃ်းပွင့်ကို၎င်း၊ သုန်ဖျင်းသောမိုဃ်းရေနှင့် တန်ခိုးတော်ကြောင့် ပြင်းထန်သော မိုဃ်းရေကို၎င်း မိန့်တော်မူ၏။

7. ဖန်ဆင်းတော်မူသောလူအပေါင်းတို့သည် ကိုယ်တော်ကို သိမည်အကြောင်း လူတိုင်းလုပ်သောအလုပ်ကို ဆီးတားတော်မူ၏။

8. ထိုအခါသားရဲတို့သည် မြေတွင်းထဲသို့ဝင်၍၊ သူတို့နေရာ၌ နေတတ်ကြ၏။

9. လေဘွေသည် တောင်မျက်နှာမှ၎င်း၊ အချမ်းသည် မြောက်မျက်နှာမှ၎င်း ထွက်လာတတ်၏။

10. ဘုရားသခင်မှုတ်တော်မူသဖြင့်၊ ရေခဲဖြစ်၍ ရေမျက်နှာသည် ခဲလျက်ရှိ၏။

11. မိုဃ်းတိမ်မှ မိုဃ်းရေကို သက်ရောက်စေ၍၊ ရောင်ခြည်တော်အားဖြင့် မိုဃ်းတိမ်ကို ပျောက်လွင့်စေတော်မူ၏။

12. လောကဓာတ်မြေကြီးတရှောက်လုံးကို မှာထားတော်မူသမျှအတိုင်း ပြုစေခြင်းငှါ ပညာတော်အားဖြင့် လှည့်လည်စေတော်မူ၏။

13. ဒဏ်ခတ်သော်၎င်း၊ မြေတော်ကိုပြုစုသော်၎င်း၊ ချမ်းသာပေးသော်၎င်း လာစေတော်မူ၏။

14. အို ယောဘ၊ ဤစကားကိုနားထောင်လော့။ ဘုရားသခင်၏ အံ့ဘွယ်သောအမှုတော်တို့ကို ငြိမ်သက်စွာနေ၍ ဆင်ခြင်လော့။

15. ထိုအမှုတို့ကို ဘုရားသခင်စီရင်၍၊ မိုဃ်းတိမ်တော်အလင်းကို ထွန်းလင်းစေတော်မူသောအခါ၊ သင်သည် သိသလော။

16. ပညာစုံလင်သောဘုရား၏ အံ့ဘွယ်သောအမှုတော်တည်းဟူသော မိုဃ်းတိမ်တို့သည် မပေါ့မလေး မှန်မှန်မိုးမည်အကြောင်း၊ ပြုတော်မူသောအမှုကို၎င်း၊

17. မြေပေါ်မှာ တောင်လေဖြင့် အချမ်းပျောက်စေတော်မူသောအခါ၊ သင်၏အဝတ်သည် အဘယ်သို့သောအားဖြင့် နွေးသည်ကို၎င်း နားလည်သလော။

18. သွန်းသော ကြေးမုံကဲ့သို့တည်လျက်ရှိသော မိုဃ်းကောင်းကင်ကို သင်သည် ဘုရားသခင်နှင့် ဝိုင်းညီ၍ ကြက်သလော။

19. ငါတို့သည် အဘယ်သို့လျှောက်ရမည်ကို သွန်သင်ပါ။ ငါတို့သည် မိုက်သောကြောင့်၊ အလိုအလျောက်မလျှောက်တတ်ကြ။

20. ငါပြောသောစကားကို ဘုရားသခင်အား ကြားလျှောက်လိမ့်မည်လော။ အကယ်၍လူသည် ဘုရားသခင်ကိုလျှောက်ဝံ့လျှင် ပျက်စီးခြင်းသို့ ရောက် လိမ့်မည်။

21. လေသည်လာ၍ မိုဃ်းကောင်းကင်ကို ရှင်းလင်းစေသောအခါ၊ လူသည် ထွန်းလင်းသောရောင်ခြည်ကို မကြည့်နိုင်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယောဘဝတ္တု။ 37