ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယောဘဝတ္တု။ 36:1-19 Judson Bible (BJB)

1. တဖန်ဧလိဟု ဆက်၍မြွက်ဆိုသည်ကား၊

2. ငါ့ကိုသည်းခံပါလော့။ အကျိုးအကြောင်းကို ငါပြဦးမည်။ ဘုရားသခင့်အဘို့ ပြောစရာရှိသေး၏။

3. ငါသည်ဝေးသောအရပ်က ကိုယ်ပညာကိုဆောင်ခဲ့မည်။ ငါ့ကို ဖန်ဆင်းတော်မူသောဘုရားသခင်သည် ဖြောင့်မတ်တော်မူကြောင်းကို ငါပြမည်။

4. အကယ်စင်စစ်မမှန်သောစကားကို ငါမပြော။ ပညာအတတ် စုံလင်သောသူသည် သင်၌ရှိ၏။

5. ဘုရားသခင်သည် တန်ခိုးကြီးတော်မူ၏။ သို့သော်လည်း မထီမဲ့ မြင်ပြုတော်မမူတတ်။ အစွမ်းသတ္တိ၊ ဥာဏ်သတ္တိနှင့် ပြည့်စုံတော်မူ၏။

6. မတရားသောသူတို့၏အသက်ကို စောင့်တော်မမူ။ ဆင်းရဲခံရသောသူတို့ဘက်၌ တရားစီရင်တော်မူ၏။

7. ဖြောင့်မတ်သောသူတို့ကို ပမာဏမပြုဘဲ နေတော်မမူ။ ရှင်ဘုရင်နှင့်အတူ ရာဇပလ္လင်ပေါ်မှာ ထာဝရနေရာချ၍ ချီးမြှောက်တော်မူ၏။

8. သူတို့သည်အကျဉ်းနေ၍ ဒုက္ခကြိုးနှင့် ချည်နှောင်ခြင်းကို ခံရလျှင်၊

9. သူတို့ပြုမိသောအမှုနှင့် ပြစ်မှားလွန်ကျူးမိသောအပြစ်များတို့ကို ပြတော်မူ၏။

10. ဆုံးမသောစကားကို နားထောင်ချင်သော သဘောကိုသွင်းပေး၍၊ ဒုစရိုက်ကိုစွန့်စေမည်အကြောင်း ပညတ်တော်မူ၏။

11. စကားတော်ကိုနားထောင်၍ အမှုတော်ကိုဆောင်ရွက်လျှင်၊ စည်းစိမ်ချမ်းသာနှင့် ပျော်မွေ့လျက်၊ နှစ်လနေ့ရက်ကာလကို လွန်စေတတ်ကြ၏။

12. နားမထောင်လျှင် ထားဘေးဖြင့်ဆုံး၍၊ ပညာအတတ်မရှိဘဲ သေတတ်ကြ၏။

13. အဓမ္မသဘောရှိသောသူတို့သည် အမျက်တော်ကို သိုထားတတ်ကြ၏။ ချည်နှောင်တော်မူသောအခါ မအော်ဟစ်တတ်ကြ။

14. အသက်ငယ်စဉ်ကပင်သေ၍၊ ဆိုးညစ်သောသူတို့နှင့်အတူ ဆုံးတတ်ကြ၏။

15. အမှုရောက်သောဆင်းရဲသားတို့ကို ကယ်တင်တော်မူ၏။ ညှဉ်းဆဲခြင်းကိုခံရသောအခါ၊ နားထောင်စေခြင်းငှါ ပြုတော်မူ၏။

16. ထိုသို့သင့်ကိုလည်း ကျဉ်းမြောင်းသောအရပ်မှ ကျယ်ဝန်းရှင်း လင်းသောအရပ်သို့ပြောင်းစေ၍၊ သင်၏စားပွဲပေါ်မှာ ကောင်းသော အရသာနှင့်ပြည့်စုံသော ခဲဘွယ်စားဘွယ်ကို တင်ထားတော်မူလိမ့်မည်။

17. သို့မဟုတ် မတရားသောသူကဲ့သို့ အပြစ်နှင့် ပြည့်စုံလျှင်၊ အပြစ်နှင့် ယှဉ်သောဒဏ်ကိုခံရမည်။

18. အမျက်တော်ထွက်တတ်သည်ဖြစ်၍၊ ဒဏ်ခတ်တော်မူမည်ဟု စိုးရိမ်စရာရှိ၏။ အမှုရောက်မှများသော အဘိုးကိုပေးသော်လည်း ကိုယ်ကို မရွေးမနှုတ်နိုင်။

19. သင်၏ဥစ္စာကို ပမာဏပြုတော်မူမည်လော။ ရွှေကို၎င်း၊ များစွာသော စည်းစိမ်ကို၎င်း ပေးချင်သော်လည်း၊ ပမာဏပြုတော်မမူ။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယောဘဝတ္တု။ 36