အခန်းကြီး

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40
  41. 41
  42. 42

ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယောဘဝတ္တု။ 31 Judson Bible (BJB)

1. ငါသည်အပျိုကိုမျှ မကြည့်ရှုမည်အကြောင်း၊ ကိုယ်မျက်စိနှင့် ပဋိညာဉ်ဝန်ခံခြင်းကို ပြုပြီ။

2. သို့မဟုတ် အထက်အရပ်က ဘုရားသခင်သည် အဘယ်ကျေးဇူးကို၎င်း၊ မြင့်ရာအရပ်က အနန္တတန်ခိုးရှင်သည် အဘယ်သို့သော အမွေဥစ္စာကို၎င်း ပေးတော်မူမည်နည်း။

3. ဆိုးသော သူတို့သည် ပျက်စီးခြင်းသို့၎င်း၊ မတရားသဖြင့် ကျင့်သောသူတို့သည် ဆုံးရှုံးခြင်းသို့၎င်း ရောက်ရကြမည် မဟုတ်လော။

4. ဘုရားသခင်သည် ငါသွားရာလမ်းတို့ကို မြင်တော်မူသည် မဟုတ်လော။ ငါ့ခြေရာရှိသမျှတို့ကို ရေတွက်တော်မူသည်မဟုတ်လော။

5. မုသာလမ်းသို့ ငါလိုက်မိသော်၎င်း၊ လှည့်စားခြင်းငှါ ငါပြေးမိသော်၎င်း၊

6. မှန်သောချိန်ခွင်၌ ငါ့ကိုချိန်ပါစေ။ ဘုရားသခင်သည် ငါဖြောင့်မတ်ခြင်းကို သိတော်မူပါစေ။

7. ငါသည်လမ်းလွှဲမိသော်၎င်း၊ ငါ့စိတ်နှလုံးသည် ငါ့မျက်စိအလိုသို့လိုက်မိသော်၎င်း၊ ငါ့လက်၌ အညစ်အကြေးကပ်မိသော်၎င်း၊

8. ငါကြဲသော မျိုးစေ့၏အသီးအနှံကို သူတပါး စားပါစေ။ ငါ့ပျိုးပင်များကို သူတပါးနှုတ်ပါစေ။

9. သူ့မယားကို ငါတပ်မက်မိသော်၎င်း၊ အိမ်နီးချင်းတံခါးနားမှာ ငါချောင်းမိသော်၎င်း၊

10. ငါ့မယားသည် သူတပါးထံ၌ ကြိတ်ဆုံကြိတ်ရပါစေ။ သူတပါးသည် ငါ့မယားကို ရှုတ်ချပါစေ။

11. ငါသည်ထိုသို့ပြုမိလျှင် အပြစ်ကြီး၏။ ရာဇဝတ်ခံထိုက်သော အပြစ်ရှိ၏။

12. ထိုအပြစ်သည် အကုန်အစင်လောင်သောမီး၊ ငါ့စည်းစိမ်ရှိသမျှကို သုတ်သင်ပယ်ရှင်းသောမီးဖြစ်၏။

13. ငါ့ကျွန်နှင့် ငါ့ကျွန်မသည် ငါနှင့် တရားတွေ့စရာအမှုရှိသောအခါ၊ ငါနားမထောင်ဘဲနေမိလျှင်၊

14. ဘုရားသခင်ထတော်မူသောအခါ အဘယ်သို့ ငါ့ပြုရမည်နည်း။ စစ်ကြောတော်မူသောအခါ အဘယ်သို့ ပြန်လျှောက်ရမည်နည်း။

15. ငါ့ကို ဖန်ဆင်းတော်မူသောဘုရားသည် သူ့ကိုလည်း ဖန်ဆင်းတော်မူသည် မဟုတ်လော။ တပါးတည်းသောဘုရားသည် ငါတို့နှစ်ယောက်ကို အမိဝမ်းထဲ၌ ဖန်ဆင်းတော်မူသည် မဟုတ်လော။

16. ငါသည် ဆင်းရဲသားတောင့်တသောအရာကို မပေးဘဲနေဘူးသလော။ မုတ်ဆိုးမမျက်စိကို ပျက်စေခြင်းငှါ ပြုဘူးသလော။

17. မိဘမရှိသောသူတို့အား စားစရာကိုမမျှဘဲ၊ ငါတယောက်တည်း စားဘူးသလော။

18. ဆင်းရဲသားသည် အဘထံမှာ နေသကဲ့သို့၊ ငါ့အသက်ငယ်စဉ်ကာလမှစ၍ ငါနှင့်အတူ ကျွေးမွေးခြင်းကို ခံပြီ။ ငါသည် ဘွားမြင်သောနေ့မှစ၍ မုတ်ဆိုးမကို မစပြီ။

19. အဝတ်မရှိသောကြောင့် သေခြင်းသို့ရောက်သော သူတစုံတယောက်နှင့်၊ ခြုံစရာမရှိဘဲ ဆင်းရဲစွာနေသောသူ တစုံတယောက်ကို ငါမြင်၍၊

20. သူ၏ခါးသည် ငါ့ကိုကောင်းကြီးမပေး။ ငါ့သိုးမွေးအားဖြင့် မနွေးဘဲနေသော်၎င်း၊

21. ရုံးတော်တွင် ငါ့ဘက်၌ နေသောမင်းကို ငါသည်မြင်၍၊ မိဘမရှိသောသူကို ညှဉ်းဆဲမိသော်၎င်း၊

22. ငါ့လက်မောင်းသည် ပခုံးကကျပါစေ။ ငါ့လက်ရိုးကျိုးပါစေ။

23. ငါသည် ဘုရားသခင်ဖျက်ဆီးတော်မူခြင်းဘေးကို ကြောက်ရွံ့၍၊ တန်ခိုးအာနုဘော်တော်ကြောင့် မပြစ်မှားဝံဘဲနေပါပြီ။

24. ငါသည်ရွှေကိုကိုးစား၍ ရွှေစင်အား၊ သင်သည် ငါခိုလှုံရာဖြစ်၏ဟုဆိုမိသော်၎င်း၊

25. ငါ၌စည်းစိမ်ကြီး၍ များစွာသော ဥစ္စာရတတ်သောကြောင့်၊ ငါဝါကြွားဝမ်းမြောက်မိသော်၎င်း၊

26. ရောင်ခြည်ထွက်သောနေ၊ ထွန်းလင်းလျက်သွားသောလကို ငါကြည့်ရှုသောအခါ၊

27. ငါ့စိတ်နှလုံးသည် တိတ်ဆိတ်စွာနူးညွတ်၍ ငါ့လက်ကို ငါနမ်းမိသော်၎င်း၊

28. ရာဇဝတ်ခံထိုက်သော အပြစ်ရှိ၏။ အထက်အရပ်၌ ရှိတော်မူသောဘုရားသခင်ကို ငြင်းပယ်ရာရောက်၏။

29. ငါ့ကိုမုန်းသောသူသည် ပျက်စီးသောအခါ ငါဝမ်းမြောက်သလော။ သူ၌ဘေးရောက်သောအခါ၊ ငါဝါကြွားသလော။

30. ငါသည် သူ့အသက်ကို ကျိန်ဆဲ၍၊ ကိုယ်နှုတ်၌ အပြစ်ရောက်စေခြင်းငှါ အခွင့်မပေး။

31. ငါ့အိမ်သူအိမ်သားတို့က၊ အဘယ်သူသည် ငါတို့သခင်၏ အမဲသားကိုတောင့်တ၍ မဝဘဲနေရသနည်းဟု မဆိုတတ်သလော။

32. ဧည့်သည်သည် လမ်း၌ညဉ့်ကို မလွန်ရမည်အကြောင်း၊ ငါသည် ခရီးသွားသော သူတို့အား ကိုယ်တံခါးကို ဖွင့်ထားပြီ။

33. ငါသည် လူပြုတတ်သကဲ့သို့၊ ကိုယ်ဒုစရိုက်ကိုဖုံး၍၊ ကိုယ်ရင်ထဲ၌ ကိုယ်အပြစ်ကို ဝှက်ထားဘူးသဘော။

34. ထိုသို့ပြုမိလျှင်၊ ကြီးသောပရိတ်သတ်ရှေ့မှာ ငါ့မျက်နှာပျက်ပါစေ။ လူအမျိုးမျိုးတို့သည် ကဲ့ရဲ့၍ ငါ့အရှက်ကွဲပါစေ။ အိမ်ပြင်သို့မထွက်ဘဲ တိတ်ဆိတ်စွာ နေရပါစေ။

35. တစုံတယောက်သောသူသည် ငါ့စကားကို နားထောင်ပါစေသော။ ငါ့လက်မှတ်ကိုငါပေးမည်။ အနန္တတန်ခိုးရှင်သည် ငါ့ကိုစစ်ကြောတော်မူပါစေ။ ငါ့တရားတွေ့ဘက်သည် စာထားပါစေ။

36. အကယ်စင်စစ်ထိုစာကို ပခုံးပေါ်မှာ ငါတင်ထားပါမည်။ ဗောင်းကဲ့သို့ ဆောင်းပါမည်။

37. ငါသည် ကိုယ်အပြုအမူအလုံးစုံတို့ကို ဘော်ပြပါမည်။ မင်းကဲ့သို့ အထံတော်သို့ ချဉ်းကပ်ပါမည်။

38. ငါ့မြေသည် ငါ့ကိုအပြစ်တင်သဖြင့်၊ အော်ဟစ်၍ လည်ချောင်းတို့သည် တညီတည်းမြည်တမ်းသော်၎င်း၊

39. စရိတ်မကုန်ဘဲမြေအသီးအနှံကို ငါစား၍ မြေဆိုင်သောသူတို့ကို ညှဉ်းဆဲမိသော်၎င်း၊

40. စပါးပင်အတွက် ဆူးပင်ပေါက်ပါစေ။ မုယောပင်အတွက် ဗောရှပင်ပေါက်ပါစေဟု မြွက်ဆို၏။ ယောဘမြွက်ဆိုသောစကားပြီး၏။