1. ယောဘပြန်၍ မြွက်ဆိုသည်ကား၊
2. ငါ့စကားကိုစေ့စေ့နားထောင်၍ ငါ့အားနှစ်သိမ့်ခြင်းကို ပြုကြလော့။
3. ငါပြောရသောအခွင့်ရှိစေခြင်းငှါ သည်းခံကြလော့။ ငါပြောပြီးမှ ပြက်ယယ်ပြုချင်လျှင် ပြုကြလော့။
4. ငါမြည်တမ်းသောအရာနှင့် လူဆိုင်သလော။ အဘယ်ကြောင့် စိတ်မတိုသင့်သနည်း။
5. ငါ့ကိုကြည့်ရှုလျက် မိန်းမောတွေဝေ၍၊ သင်တို့ပစပ်ကို သင်တို့လက်နှင့် ဖုံးအုပ်ကြလော။
6. ငါသည်အောက်မေ့သောအခါ။ မိန်းမောတွေဝေ၍၊ ကိုယ်အသားသည် တုန်လှုပ်လျက်ရှိ၏။
7. လူဆိုးတို့သည် အသက်ရှင်ရုံမျှမက၊ အဘယ်ကြောင့် အသက်ကြီး၍ ဘုန်းစည်းစိမ်နှင့် ပြည့်စုံကြသနည်း။
8. သူတို့သားသမီးတို့သည် သူတို့ပတ်ဝန်းကျင်အရပ်၌၎င်း၊ သူတို့အမျိုးအနွယ်သည် သူတို့ရှေ့မှောက်၌၎င်း နေရာကျကြ၏။
9. သူတို့အိမ်များသည်လည်း ဘေးနှင့်လွတ်၍ ငြိမ်ဝပ်ကြ၏။ ဘုရားသခင်ဒဏ်ခတ်တော်မူခြင်းနှင့် ကင်းလွတ်ကြ၏။