ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

မြည်​တမ်း​စ​ကား 1:11-22 Judson Bible (BJB)

11. သူ၏လူအပေါင်းတို့သည် ညည်းတွားလျက်၊ မုန့်ကိုရှာလျက် နေကြ၏။ သေဘေးနှင့်လွတ်ခြင်းငှါ မိမိစည်းစိမ်ကို စားစရာဘို့ စွန့်ရ၏။ အိုထာဝရဘုရား၊ အကျွန်ုပ်သည် ရှုတ်ချခြင်းကို ခံရသောကြောင့် ကြည့်ရှုဆင်ခြင်တော်မူပါ။

12. အိုခရီးသွားသောသူ အပေါင်းတို့၊ ကြည့်ရှုဆင်ခြင်ကြလော့။ ထာဝရဘုရားသည် ပြင်းစွာအမျက်တော်ထွက်သော နေ့၌ငါ့ကိုညှဉ်းဆဲ၍၊ ဖြစ်စေတော်မူသော ဒုက္ခနှင့်တူသော ဒုက္ခရှိသလော။

13. အထက်မှမီးကို ငါ့အရိုးထဲသို့လွှတ်လိုက်၍ ကြေမွေစေတော်မူပြီ။ ငါ့ခြေကို ကျော့မိစေခြင်းငှါ ကျော့ကွင်းထောင်၍ ငါ့ကိုပြန်စေတော်မူပြီ။ တနေ့လုံး ညှိုးငယ်ခြင်းအကြောင်း၊ စိတ်ပျက်ခြင်းအကြောင်းကို ငါ၌ဖြစ်စေတော်မူ၏။

14. ငါပြစ်မှားသော အပြစ်ထမ်းဘိုးကို လက်တော်နှင့် ငါ့လည်ပင်းပေါ်၌တပ်၍ချည်နှောင်ပြီးမှ၊ ထာဝရဘုရားသည် ငါ့ကိုအားလျော့စေ၍၊ ငါမဆီးတားနိုင်သော သူ့တို့လက်သို့ ရောက်စေတော်မူပြီ။

15. ထာဝရဘုရားသည် ငါ၏သူရဲအပေါင်းတို့ကို ငါ့အလယ်၌ကျော်နင်းတော်မူပြီ။ ငါ၏လူပျိုတို့ကို နှိပ်စက်ခြင်းငှါ လူအလုံးအရင်းကို ခေါ်တော်မူပြီ။ ထာဝရဘုရားသည် ယုဒသတို့သမီးကညာကို စပျစ်သီးနယ်ရာကျင်း၌ နင်းနယ်တော်မူပြီ။

16. ထိုအကြောင်းကြောင့် ငါသည်ငိုရ၏။ မျက်ရည်ကျလျက်ရှိ၏။ ငါ့အသက်ကို ထောက်မ၍ ငါ့ကို နှစ်သိမ့်စေသောသူသည် ငါနှင့်ဝေးပါ၏ ရန်သူနိုင်သောကြောင့် ငါ့သားသမီးတို့သည် ပျောက်ပျက်ကြပြီ။

17. ဇိအုန်သတို့သမီးသည် မိမိလက်ဝါးတို့ကို ဖြန့် သော်လည်း၊ နှစ်သိမ့်စေသောသူမရှိ။ ထာဝရဘုရားသည် ယာကုပ်ပတ်လည်၌ ရန်သူတို့ကို ခန့်ထားတော်မူပြီ။ ယေရုရှလင်မြို့သည် သူတို့တွင် ရွံ့ရှာဘွယ် ဖြစ်လေ၏။

18. ထာဝရဘုရားသည် တရားသဖြင့် စီရင်တော်မူ၏။ ငါသည် ပညတ်တော်ကို လွန်ကျူးမိပြီ။ လူမျိုး ခပ်သိမ်းတို့၊ နားထောင်၍ ငါ၏ဒုက္ခကို ဆင်ခြင်ကြ ပါလော့။ ငါ၏လူပျိုနှင့် အပျိုတို့ကို သိမ်းသွားကြပါလော့။ ငါ၏လူပျိုနှင့် အပျိုတို့ကို သိမ်းသွားကြပြီ။

19. ငါသည် ရည်းစားတို့ကိုခေါ်၍ သူတို့သည် သစ္စာမရှိကြ။ ငါ၏ယဇ်ပုရောဟိတ်တို့နှင့် ငါ၏အသက်ကြီး သူတို့သည် ကိုယ်အသက်မွေးဘို့ စားစရာကို ရှာစဉ်ပင် မြို့ထဲ၌ အသက်ချုပ်ကြပြီ။

20. အိုထာဝရဘုရား၊ ကြည့်ရှုတော်မူပါ။ အကျွန်ုပ် ပင်ပန်းပါ၏။ ဝမ်း၌ ဆူလှိုင်ခြင်းရှိပါ၏။ နှလုံးမှောက်လျက် ရှိပါ၏။ အကျွန်ုပ်သည် အလွန်ပြစ်မှားပါပြီ။ ပြင်မှာ ထားဘေးနှင့်တွေ့ရပါပြီ။ အတွင်း၌လည်း သေမင်းနေသကဲ့သို့ရှိပါ၏။

21. အကျွန်ုပ်ညည်းတွားသံကို ကြားသောသူတို့တွင်၊ နှစ်သိမ်းစေသောသူတယောက်မျှမရှိပါ။ အကျွန်ုပ်၌ ရောက်သောအမှုကို အကျွန်ုပ်၏ ရန်သူအပေါင်းတို့သည် ကြားကြပါပြီ။ ကိုယ်တော်ပြုတော်မူသည်ကို ဝမ်းမြောက် ကြပါ၏။ ကိုယ်တော်ချိန်းချက်သော နေ့ရက်ကိုရောက်စေတော်မူသောအခါ၊ သူတို့သည် အကျွန်ုပ်ကဲ့သို့ပင် ဖြစ်ကြပါစေသော။

22. သူတို့၏ဒုစရိုက်အလုံးစုံတို့ကို စစ်ကြောတော်မူပါ။ အကျွန်ုပ်ပြစ်မှားမိသမျှသော အပြစ်တို့ကြောင့်၊ အကျွန်ုပ်၌ပြုတော်မူသကဲ့သို့ သူတို့၌ ပြုတော်မူပါ။ အကျွန်ုပ်သည် ညည်းတွားခြင်းများပြား၍ စိတ်ပျက်လျက်ရှိပါ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ မြည်​တမ်း​စ​ကား 1