ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

နေ​ဟ​မိ 9:7-22 Judson Bible (BJB)

7. အိုထာဝရ အရှင်ဘုရားသခင်၊ ကိုယ်တော်သည် အာဗြံကို ရွေးချယ်၍ ခါလဒဲပြည်၊ ဥရမြို့မှခေါ်ခဲ့ပြီးလျှင် အာဗြဟံဟူသော အမည်ကို ပေးတော် မူ၏။

8. ရှေ့တော်၌ သူ့သဘောဖြောင့်သည်ကို တွေ့သောကြောင့်၊ ခါနနိပြည်၊ ဟိတ္တိပြည်၊ အာမောရိပြည်၊ ဖေရဇိပြည်၊ ယေဗုသိပြည်၊ ဂိရဂါရှိပြည်တို့ကို အာဗြဟံအမျိုးအနွယ်အား ငါပေးမည်ဟု ဝန်ခံသည်အတိုင်း သစ္စာတော်မပျက်ပြုတော်မူ၏။

9. အဲဂုတ္တုပြည်၌ အကျွန်ုပ်တို့၏ ဘိုးဘေးများ ခံရသောညှဉ်းဆဲခြင်းကိုမြင်၍၊ ဧဒုံပင်လယ်နားမှာ သူတို့ အော်ဟစ်သောအသံကို ကြားတော်မူ၏။

10. ဖာရောဘုရင်နှင့် သူ၏ကျွန်များ၊ ပြည်သူပြည်သားအပေါင်းတို့သည် အကျွန်ုပ်တို့၏ဘိုးဘေးတို့ကို စော်ကားစွာပြုသောကြောင့်၊ ကိုယ်တော်သည် ကြည့်ရှု၍နေတော်မမူ။ ထိုပြည်သားတို့၌ နိမိတ်လက္ခဏာနှင့် အံ့ဘွယ်သောအမှုတို့ကို ပြတော်မူ၍၊ သိတင်းတော်သည် ယနေ့တိုင်အောင် ကျော်စောလျက်ရှိပါ၏။

11. သူတို့သည်ပင်လယ်အလယ်၌ မြေပေါ်မှာရှောက်သွားမည်အကြောင်း သူတို့ရှေ့မှာ ပင်လယ်ကိုခွဲတော်မူ၏။ ညှဉ်းဆဲသော သူတို့ကိုကား၊ နက်သောရေထဲသို့ ကျောက်ကိုပစ်သကဲ့သို့ ပစ်တော်မူ၏။

12. ထိုမှတပါး၊ နေ့အချိန်၌ မိုဃ်းတိမ်တိုင်အားဖြင့်၎င်း၊ ညဉ့်အချိန်၌ သူတို့သွားရာလမ်းကို လင်းစေသောမီးတိုင်အားဖြင့်၎င်း၊ သူတို့ကို ပို့ဆောင်တော်မူ၏။

13. ကိုယ်တော်တိုင်လည်း၊ သိနာတောင်ပေါ်သို့ဆင်းသက်၍ မိုဃ်းကောင်းကင်ထဲက ဗျာဒိတ်သံကို လွှတ်သဖြင့်၊ ဟုတ်မှန်ဖြောင့်မတ်သော စီရင်ထုံးဖွဲ့ချက်ပညတ်တရားတို့ကို အပ်ပေးတော်မူ၏။

14. သန့်ရှင်းသော ဥပုသ်နေ့ရက်တော်ကို ဘော်ပြ၍၊ ကိုယ်တော် ကျွန်မောရှေအားဖြင့် နည်းနာဥပဒေသပညတ်တရားတို့ကိုလည်း ထားတော်မူ၏။

15. သူတို့မွတ်သိပ်ခြင်းနှင့် ရေငတ်ခြင်းကို ပြေစေခြင်းငှါ၊ မိုဃ်းကောင်းကင်မုန့်နှင့် ကျောက်ထဲကထုတ်သောရေကို ပေးတော်မူ၏။ သူတို့ပိုင်ဘို့ကျိန်ဆိုတော်မူသောပြည်ထဲသို့ဝင်၍ သိမ်းယူမည်အကြောင်း မိန့်တော်မူ၏။

16. သို့ရာတွင် အကျွန်ုပ်တို့ဘိုးဘေးတို့သည် မာနထောင်လွှား၍၊ ခိုင်မာသောလည်ပင်းနှင့် ပညတ်တော်ကို နားမထောင်ကြ။

17. သူတို့တွင် ပြုတော်မူသော အံ့ဘွယ်သောအမှုတို့ကို မအောက်မေ့။ အာဏာတော်ကိုငြင်းဆန်လျက်၊ လည်ပင်းခိုင်မာသည် ဖြစ်၍၊ ကျွန်ခံရာ အဲဂုတ္တုပြည်သို့ ပြန်လိုသောငှါ၊ လူကြီးတဦးကိုချီးမြှောက်ကြ၏။ သို့ရာတွင် ကိုယ်တော်သည် အပြစ်ကိုဖြေတတ်သောဘုရား၊ ချစ်သနားခြင်းမေတ္တာကရုဏာနှင့်ပြည့်စုံ၍၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်းနှင့် ကြွယ်ဝသော ဘုရားဖြစ်တော်မူသောကြောင့် သူတို့ကို စွန့်ပစ်တော်မမူ။

18. ထိုမျှမက သူတို့သည် နွားသငယ်အရုပ်ကိုသွန်း၍၊ အိုဣသရေလအမျိုး၊ ဤဘုရားသည် သင့်ကို အဲဂုတ္တု ပြည်မှ နှုတ်ဆောင်သော သင်၏ ဘုရားဖြစ်တော်မူ၏ဟုဆိုလျက်၊ အလွန်ပြစ်မှားသော်လည်း၊

19. ကိုယ်တော်သည် အထူးသဖြင့် သနားတတ်သော ဘုရားဖြစ်တော်မူ၍၊ တော၌သူတို့ကို စွန့်ပစ်တော် မမူ။ နေ့အချိန်၌ လမ်းပြသော မိုဃ်းတိမ်တိုင်မပျောက်၊ ညဉ့်အချိန်၌ သူတို့သွားရာလမ်းကို လင်းစေသော မီးတိုင်လည်း မကွယ်။

20. သူတို့အား သွန်သင်စရာဘို့ ကောင်းသောဝိညာဉ်တော်ကို ပေးတော်မူ၏။ သူတို့စားရသော ကိုယ်တော်၏ မန္နကိုရုပ်သိမ်းတော်မမူ။ သူတို့ အငတ်ပြေစေခြင်းငှါ၊ ရေကိုလည်း ပေးတော်မူ၏။

21. အနှစ်လေးဆယ်ပတ်လုံး သူတို့ကို အလျှင်းမဆင်းရဲစေခြင်းငှါ ကျွေးမွေးတော်မူ၏။ သူတို့အဝတ်မဟောင်းမနွမ်းရ။ သူတို့ခြေသည်လည်း မပွန်းမရောင်ရ။

22. နောက်မှတပါးအမျိုးသားတို့၏ တိုင်းနိုင်ငံများကို သူတို့အား အကုန်အစင်ဝေဖန်၍ ပေးသနားတော်မူသဖြင့်၊ သူတို့သည် ဟေရှဘုန် ရှင်ဘုရင်ရှိဟုန်နှင့် ဗာရှန်ရှင်ဘုရင်ဩဃအစိုးရသောပြည်တို့ကို သိမ်းယူ ကြ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ နေ​ဟ​မိ 9