အခန်းကြီး

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13

ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

နေ​ဟ​မိ 8 Judson Bible (BJB)

1. သတ္တမလရောက်မှ၊ မြို့ရွာအရပ်ရပ်၌နေသော ဣသရေလ အမျိုးသားလူအပေါင်းတို့သည်လာ၍ ရေတံခါးလမ်းတွင် စည်းဝေးကြ၏။ ဣသရေလအမျိုး၌ ထာဝရဘုရားထားတော်မူသော မောရှေပညတ္တိကျမ်းစာကို ဆောင်ခဲ့ပါဟု ကျမ်းတတ်ဆရာ ဧဇရကိုတောင်းသည်အတိုင်း၊

2. နားထောင်နားလည်နိုင်သမျှသော ပရိသတ်ယောက်ျား မိန်းမတို့ ရှေ့သို့ သတ္တမလပဌမနေ့ရက်တွင်၊ ပညတ္တိကျမ်းစာကို ယဇ်ပုရောဟိတ်ဧဇရသည် ဆောင်ခဲ့၍၊

3. နားလည်နိုင်သောသူ၊ ယောက်ျားမိန်းမတို့ ရှေ့မှာ နံနက်အချိန်မှစ၍ မွန်းတည့်အချိန်တိုင်အောင် ရေတံခါးလမ်းတွင် ဘတ်ရွတ်လေ၏။ လူအပေါင်းတို့သည် ပညတ္တိကျမ်းစကားကို စေ့စေ့နားထောင်ကြ၏။

4. သူတို့လုပ်ကြသော တရားဟောရာသစ်သားပလ္လင်ပေါ်မှာ၊ ကျမ်းတတ်ဆရာဧဇရသည်ရပ်၍ မတ္တိသ၊ ရှေမ၊ အနာယ၊ ဥရိယ၊ ဟိလခိ၊ မာသေယတို့သည် လက်ျာဘက်၌၎င်း၊ ပေဒါယ၊ မိရှေလ၊ မာလခိ၊ ဟာရှုံ၊ ဟာရှဗဒါန၊ ဇာခရိ၊ မေရှုလံတို့သည်လက်ဝဲဘက်၌၎င်း ရပ်နေကြ၏။

5. ထိုသို့ဧဇရသည် လူအပေါင်းတို့ထက်သာ၍ မြင့်လျက်၊ လူအပေါင်းတို့ရှေ့မှာ ကျမ်းစာကို ဖွင့်သောအခါ၊ လူအပေါင်းတို့သည် ထကြ၏။

6. ဧဇရသည် မြတ်စွာဘုရားသခင်ထာဝရဘုရားကို ကောင်းကြီးပေး၏။ လူအပေါင်းတို့က အာမင်၊ အာမင်ဟု လက်တို့ကို ချီလျက်၊ ဝန်ခံ၍ဦးချပြပ်ဝပ်လျက် ထာဝရဘုရားကို ကိုးကွယ်ကြ၏။

7. ယောရှု၊ ဗာနိ၊ ရှေရဘိ၊ ယာမိန်၊ အက္ကုပ်၊ ရှဗ္ဗေသဲ၊ ဟောဒိယ၊ မာသေယ၊ ကေလိတ၊ အာဇရိ၊ ယောဇဗဒ်၊ ဟာနန်၊ ပေလာယအစရှိသော လေဝိသားတို့သည်လည်း လူများတို့အား ပညတ္တိကျမ်းစာအနက်ကိုပြန်ကြားကြ၏။ လူများတို့သည်လည်း မိမိတို့နေရာ၌နေကြ၏။

8. ထိုသို့ဘုရားသခင်၏ ပညတ္တိကျမ်းစာကိုသေချာစွာ ဘတ်ရွတ်၍ အနက်ကိုပြန်သဖြင့်၊ လူများနားလည်စေခြင်းငှါပြုကြ၏။

9. လူအပေါင်းတို့သည် ပညတ္တိကျမ်းစကားကို ကြားသောအခါ ငိုကြွေးကြသည်ဖြစ်၍၊ ပြည်အုပ်မင်းနေဟမိ၊ ကျမ်းတတ်ဆရာ ယဇ်ပုရောဟိတ်ဧဇရ၊ လူများတို့အား သွန်သင်သော လေဝိသားတို့က၊ ဤသည်နေ့ရက်သည် သင်တို့၏ဘုရားသခင် ထာဝရဘုရားအဘို့ သန့်ရှင်းသောနေ့ဖြစ်၏။ ငိုကြွေးမြည်တမ်းခြင်းကို မပြုကြနှင့်။

10. သွားကြလော့၊ မြိန်စွာသော အစာကိုစားကြလော့။ ချိုသော အရည်ကိုသောက်ကြလော့။ ဆင်းရဲသော သူတို့အား ဝေမျှကြလော့။ ဤသည်နေ့ရက်သည် ငါတို့ ဘုရားရှင်အဘို့ သန့်ရှင်း၏။ ဝမ်းမနည်းကြနှင့်၊ ထာဝရဘုရားပေးတော်မူသောအခွင့်နှင့် အားယူ၍ ဝမ်းမြောက်ကြလော့ဟု လူအပေါင်းတို့အား ဆိုကြ၏။

11. ထိုသို့ လေဝိသားတို့က၊ ဤသည်နေ့ရက်သည် သန့်ရှင်းသော နေ့ဖြစ်သောကြောင့် တိတ်ဆိတ်စွာ နေကြလော့။ ဝမ်းနည်းမနေကြနှင့်ဟု ဆို၍ လူအပေါင်းတို့ကို ငြိမ်းစေကြ၏။

12. လူအပေါင်းတို့သည် ဟောပြောသော စကားများကို နားလည်သောကြောင့်၊ စားသောက်ခြင်း၊ သူတပါးတို့အား ဝေမျှခြင်း၊ အလွန်ပျော်မွေ့ခြင်းကို ပြုအံ့သောငှါ သွားကြ၏။

13. ဒုတိယနေ့ရက်တွင်၊ အဆွေအမျိုးသူကြီးများတို့နှင့်တကွ ယဇ်ပုရောဟိတ်လေဝိသားတို့သည် ပညတ္တိကျမ်းစကားကို နားလည်အံ့သောငှါ၊ ကျမ်းတတ်ဆရာဧဇရထံ၌ စည်းဝေးကြ၏။

14. သတ္တမလပွဲကိုခံကြစဉ်၊ ဣသရေအမျိုးသားအပေါင်းတို့သည် သစ်ခက်တဲ၌ နေရကြမည်ဟု မောရှေအားဖြင့် ထာဝရဘုရားထားတော်မူသော ပညတ္တိကျမ်းစာ၌ ရေးထားကြောင်းကို တွေ့ကြ၏။

15. ထိုစကားကိုကြားသောအခါ၊ ကျမ်းစာ၌ ပါသည်အတိုင်း သစ်ခက်တဲတို့ကိုလုပ်ခြင်းငှါ တောင်သို့ သွားကြ။ သံလွင်ခက်၊ ထင်းရူးခက်၊ မုရတုခက်၊ စွန်ပလွံခက် အစရှိသော ထူထပ်သောအခက် အလက်မျိုးတို့ကို ဆောင်ခဲ့ကြဟု ယေရုရှလင်မြို့မှစ၍ ခပ်သိမ်းသော မြို့ရွာတို့၌ ကြော်ငြာကြ၏။

16. လူများတို့သည် ထွက်သွား၍၊ သစ်ခက်တို့ကို ဆောင်ခဲ့ပြီးလျှင် အိမ်မိုးပေါ်မှာ၎င်း၊ မိမိဝင်းထဲ၊ ဗိမာန်တော်တန်တိုင်းထဲမှာ၎င်း၊ ရေတံခါးလမ်းနှင့် ဧဖရိမ်တံခါးလမ်းမှာ၎င်း သစ်ခက်တဲများကို လုပ်ကြ၏။

17. ထိုသို့သိမ်းသွားခြင်းကို ခံရရာထဲကထွက်လာသော ပရိသတ်အပေါင်းတို့သည် သစ်ခက်တဲတို့ကိုလုပ်၍ ထိုင်နေကြ၏။ နုန်သား ယောရှုလက်ထက်မှစ၍ ဣသရေလအမျိုးသားတို့သည် တခါမျှ ထိုသို့မပြုကြ။ အလွန်ဝမ်းမြောက်လျက်နေကြ၏။

18. ပဌမနေ့မှစ၍ နောက်ဘုရားသခင်၏ ပညတ္တိကျမ်းစာကို ဘတ်ရွတ်ကြ၏။ ထိုပွဲကို ခုနစ်ရက်ပတ်လုံးခံကြ၏။ ရှစ်ရက်မြောက်သောနေ့၌ တရားတော်အတိုင်း ဓမ္မပွဲကိုလည်းခံကြ၏။