ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

နေ​ဟ​မိ 4:9-23 Judson Bible (BJB)

9. သို့ရာတွင် ငါတို့သည် ငါတို့၏ဘုရားသခင်ကို ဆုတောင်း၍၊ ရန်သူကြောင့် နေ့ညဉ့်မပြတ် ကင်းစောင့်ထားကြ၏။

10. ယုဒလူအချို့ကလည်း၊ ဝန်ထမ်းသော သူတို့ သည် အားကုန်ကြပြီ။ အမှိုက်များလှ၏။ မြို့ရိုးပြီးစီးအောင် မတတ်နိုင်ကြဟု ဆိုကြ၏။

11. ရန်သူတို့ကလည်း၊ သူတို့သည် အမှတ်တမဲ့၊ သတိမရှိဘဲနေစဉ်တွင်၊ ငါတို့သည် သူတို့အထဲသို့ဝင်၍ လုပ်ကြံသဖြင့်၊ ထိုအလုပ်ကို ဖျက်မည်ဟု ဆိုကြ၏။

12. သူတို့အနားမှာနေသော ယုဒလူတို့သည်လည်း၊ လာ၍ ရန်သူတို့သည် နေရာအရပ်ရပ်တို့က၊ သင်တို့ကိုတိုက်လာကြလိမ့်မည်ဟု ငါတို့အား အထပ်ထပ် ဆိုကြ၏။

13. ထိုကြောင့် မြို့ရိုးနောက်၊ နိမ့်သောအရပ်၊ ရှင်းလင်းသော အရပ်တို့၌ ထား၊ လှံ၊ လေးလက်နက်ပါသောလူများကို အဆွေအမျိုးအလိုက် ငါခန့်ထား၏။

14. ထိုအမှုအလုံးစုံတို့ကို ကြည့်ရှု စီရင်ပြီးမှ မှူးမတ်၊ မင်းအရာရှိ၊ ကြွင်းသောသူတို့အားခေါ်၍၊ ရန်သူတို့ကို မကြောက်ကြနှင့်။ ကြီးမြတ်၍ ကြောက်မက်ဘွယ် ဖြစ်တော်မူသော ထာဝရဘုရားကို အောက်မေ့ကြလော့။ ညီအစ်ကို သားမယားအိမ်ရာအဘို့ တိုက်ကြလော့ဟု ဆို၏။

15. ထိုသို့ငါတို့သည် သတိရ၍၊ ရန်သူအကြံကို ဘုရားသခင် ဖျက်ဆီးတော်မူကြောင်းကို သူတို့ကြားသိသောအခါ၊ ငါတို့ရှိသမျှသည် အသီးအသီး လုပ်ရာအရပ် မြို့ရိုးသို့ပြန်လုပ်ကြ၏။

16. နောက်မှ ငါ့ကျွန်တဝက်သည် အလုပ်လုပ်ကြ၏။ တဝက်သည် လှံ၊ ဒိုင်း၊ လေး၊ သံချပ်တို့ကို ကိုင်ကြ၏။ မင်းတို့သည် ယုဒအမျိုးသားများနောက်မှာ နေကြ၏။

17. မြို့ရိုးတည်သောသူ၊ ဝန်ထမ်းသောသူ၊ ဝန်ကို တင်သောသူအပေါင်းတို့သည် လက်တဘက်နှင့် လုပ်ကြ၏။ လက်တဘက်နှင့် လက်နက်ကိုကိုင်ကြ၏။

18. တည်လုပ်သော သူအပေါင်းတို့သည်၊ ခါး၌ ထား ဆွဲလျက် တည်လုပ်ကြ၏။ တံပိုးမှုတ်သောသူသည် ငါ့အနားမှာ ရပ်နေ၏။

19. ငါကလည်း၊ အလုပ်သည် ကြီးကျယ်လှ၏။ မြို့ရိုးပေါ်မှာ တယောက်တခြားစီ သူနှင့်ငါဝေးဝေး လုပ်ရ၏။

20. သို့ဖြစ်၍၊ တံပိုးမှုတ်သံကို ကြားလေရာရာအရပ်မှ၊ ငါတို့ထံသို့ စည်းဝေးကြ။ ငါတို့၏ ဘုရားသခင်သည် ငါတို့ဘက်၌ စစ်ကူတော်မူမည်ဟု မှူးမတ်၊ မင်းအရာရှိ၊ ကြွင်းသောသူတို့အား ငါဆို၏။

21. ထိုသို့ ငါတို့သည် အလုပ်လုပ်ကြ၏။ လူတဝက်သည် မိုဃ်းလင်းသည်မှစ၍ ကြယ်ပေါ်သည်တိုင်အောင်၊ လှံလက်နက်တို့ကို ကိုင်ကြ၏။

22. ထိုအခါ၌လည်း၊ ငါကလူတိုင်း မိမိကျွန်နှင့် တကွညဉ့်အချိန်တွင်၊ ယေရုရှလင်မြို့ထဲမှာ အိပ်စေ။ သို့ပြုလျှင်၊ ကျွန်တို့သည် နေ့အခါ အလုပ်လုပ်လျက်၊ ညဉ့်အခါ အလှည့်လှည့်စောင့်လျက် ရှိကြလိမ့်မည်ဟု လူများတို့အား ဆို၏။

23. ထိုသို့ ငါနှင့်ငါ့ညီ၊ ငါ့ကျွန်၊ ငါ့နောက်၌ လိုက်သောတပ်သားတို့သည်၊ ကိုယ်အဝတ်ကို မချွတ်ဘဲနေရ ကြ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ နေ​ဟ​မိ 4