ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

နေ​ဟ​မိ 13:5-16 Judson Bible (BJB)

5. ဘောဇဉ်ပူဇော်သက္ကာ၊ နံ့သာပေါင်း၊ တန်ဆာမျိုးကို၎င်း၊ ပညတ်တော်အတိုင်း လေဝိသား၊ သီချင်းသည်၊ တံခါးစောင့်တို့အား ပေးရသော ဆန်စပါး၊ စပျစ်ရည်၊ ဆီဆယ်ဘို့တဘို့ကို၎င်း၊ ယဇ်ပုရောဟိတ်တို့အား လှူရ သော အလှူတို့ကို၎င်း၊ သိုထားမြဲရှိသော အခန်းကြီးကို တောဘိအဘို့ ပြင်ဆင်၏။

6. ထိုကာလပတ်လုံး ငါသည် ယေရုရှလင်မြို့၌မရှိ။ ဗာဗုလုန် ရှင်ဘုရင် အာတဇေရဇ်နန်းစံ သုံးဆယ်နှစ် နှစ်တွင် အထံတော်သို့ သွားရ၏။ အင်တန်ကာလ ကြာပြီးမှ၊ ရှင်ဘုရင်ထံတော်၌ အခွင့်ရ၍၊

7. ယေရုရှလင်မြို့သို့ရောက်သောအခါ၊ ဧလျာရှိပ်သည် ဘုရားသခင်၏ အိမ်တော်တန်တိုင်းထဲမှာ အခန်းကို တောဘိအဘို့ ပြင်ဆင်၍ ဒုစရိုက်ပြုကြောင်းကို ငါကြားသိရ၏။

8. ထိုအခါ ငါသည် အလွန်နာကြင်သောစိတ်ရှိ၍ တောဘိဥစ္စာ ပရိကံရှိသမျှကို အခန်းထဲက ထုတ်ပစ်ပြီးမှ၊

9. အခန်းများကို စင်ကြယ်စေခြင်းငှါစီရင်၍၊ တဖန်ဘုရားသခင်၏ အိမ်တော်တန်ဆာများ၊ ဘောဇဉ် ပူဇော်သက္ကာ၊ နံ့သာပေါင်းကို ဆောင်ခဲ့၍ သိုထား၏။

10. အမှုတော်စောင့်၊ လေဝိသား၊ သီချင်းသည် တို့သည် အသီးအသီး မိမိတို့လယ်ယာသို့ ပြေးသွားကြ သည်ကို ငါထောက်၍၊ သူတို့ခံအပ်သော စားစရာ ရိက္ခာကို မခံမရကြောင်းကို ငါရိပ်မိလျက်၊

11. ဘုရားသခင်၏ အိမ်တော်ကို အဘယ်ကြောင့် စွန့်ပစ်ကြသနည်းဟု မင်းတို့ကို အပြစ်တင်၍၊ လေဝိသား တို့ကို စုဝေးစေပြီးမှ၊ သူတို့နေရာ၌ ခန့်ထားပြန်၏။

12. ထိုအခါ ယုဒလူအပေါင်းတို့သည် ဆန်စပါး၊ စပျစ်ရည်၊ ဆီဆယ်ဘို့တဘို့ကို ဘဏ္ဍာတော်တိုက်သို့ ဆောင်ခဲ့ပြန်ကြ၏။

13. ယဇ်ပုရောဟိတ် ရှေလမိ၊ ကျမ်းတတ်ဇာဒုတ်၊ လေဝိသား ပေဒါယ၊ သူ့နောက်မဿနိသားဖြစ်သော ဇက္ကုရ၏သား ဟာနန်တို့ကို ဘဏ္ဍာတော်တိုက်စိုးအရာ၌ ငါခန့်ထား၏။ ထိုသူတို့သည် သစ္စာစောင့်ခြင်း အသရေ ရှိသည်ဖြစ်၍၊ အမျိုးသားချင်းတို့အား ဝေဖန်ရကြ၏။

14. အို အကျွန်ုပ်၏ ဘုရားသခင်၊ ထိုအမှုကြောင့် အကျွန်ုပ်ကို အောက်မေ့တော်မူပါ။ အကျွန်ုပ်၏ ဘုရားသခင့် အိမ်တော်အဘို့၊ အိမ်တော်အမှုစောင့်ခြင်းအဘို့ အကျွန်ုပ်ပြုသော ကျေးဇူးကို ချေတော်မမူပါနှင့်။

15. ထိုကာလ၊ ယုဒပြည်မှာ အချို့တို့သည် ဥပုသ်နေ့ ၌ စပျစ်သီးကို နယ်လျက်၊ ကောက်လှိုင်းကိုသွင်းလျက်၊ မြည်းပေါ်မှာ ဝန်ကိုတင်လျက် လုပ်ဆောင်ကြသည်ကို၎င်း၊ ဥပုသ်နေ့၌စပျစ်ရည်၊ စပျစ်သီး၊ သင်္ဘော သဖန်းသီး အစရှိသည်တို့ကိုတင်၍ ယေရုရှလင်မြို့သို့ ဆောင်ခဲ့ကြ သည်ကို၎င်း ငါမြင်၍၊ ဤမည်သော နေ့ရက်၌သာ စားစရာများကို ရောင်းအပ်သည်ဟု သူတို့အကြားပြော၏။

16. ထိုအရပ်၌နေသော တုရုမြို့သားတို့သည်လည်း၊ ငါးအစရှိသည်တို့ကို ယေရုရှလင်မြို့သို့ဆောင်ခဲ့၍၊ ဥပုသ်နေ့၌ ယုဒအမျိုးသားတို့အား ရောင်းတတ်ကြ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ နေ​ဟ​မိ 13