ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

နေ​ဟ​မိ 13:17-31 Judson Bible (BJB)

17. ထိုအခါငါက၊ သင်တို့သည် ဥပုသ်နေ့ကိုဖျက်၍ ပြုသော ဒုစရိုက်ကား အဘယ်သို့နည်း။

18. ဘိုးဘေးတို့သည် ထိုသို့ပြုသောကြောင့်၊ ဤမျှလောက်ကြီးစွာသော ဆင်းရဲခြင်းကို ငါတို့၌၎င်း၊ ဤမြို့၌ ၎င်းဘုရားသခင် ရောက်စေတော်မူသည်မဟုတ်လော။ သင်တို့သည် ဥပုသ်နေ့ကို ဖျက်သောအားဖြင့် သာ၍ ပြင်းစွာသောအမျက်တော်ကို ဣသရေလအမျိုး၌ ရောက်စေဦးမည်လောဟု ယုဒမှူးမတ်တို့ကို အပြစ်တင်လျက်၊

19. အဘိတ်နေ့တွင် နေရောင်ကွယ်၍ ဥပုသ်နေ့လွန်သည်တိုင်အောင်၊ ယေရုရှလင်မြို့တံခါးတို့ကို ပိတ်ထားရမည်အကြောင်း စီရင်၍၊ ဥပုသ်နေ့၌ဝန်များကို မြို့ထဲသို့ မသွင်းစေခြင်းငှါ မိမိကျွန်အချို့တို့ကို တံခါးတို့၌ ခန့်ထား၏။

20. ထိုနောက် ကုန်သည်များ၊ ဥစ္စာမျိုးကို ရောင်းသောသူများတို့သည်၊ ယေရုရှလင်မြို့ပြင်မှာ တခါနှစ်ခါအိပ်ကြ၏။

21. ငါကလည်း၊ မြို့ရိုးပတ်လည်၌အဘယ်ကြောင့် အိပ်ကြသနည်း။ နောက်တဖန်လာ၍ အိပ်လျှင် ဘမ်းဆီးမည်ဟု သူတို့အား သတိပေး၏။ ထိုအခါမှစ၍ ဥပုသ်နေ့တွင် မလာဘဲနေကြ၏။

22. လေဝိသားတို့သည်လည်း၊ ဥပုသ်နေ့ကို သန့်ရှင်းစေခြင်းငှါ၊ စင်ကြယ်သောကိုယ်နှင့်လာ၍ တံခါးတို့ကို စောင့်ရမည်အကြောင်း ငါမှာထား၏။ အို အကျွန်ုပ်၏ဘုရားသခင်၊ ထိုအမှုကြောင့် အကျွန်ုပ်ကို အောက်မေ့တော်မူပါ။ ကရုဏာတော်များပြားသည်အတိုင်း အကျွန်ုပ်ကို ကယ်မသနားတော်မူပါ။

23. ထိုကာလ၊ အာဇုတ်အမျိုး၊ အမ္မုန်အမျိုး၊ မောဘအမျိုးသမီးနှင့် စုံဘက်သော ယုဒလူအချို့တို့ကို ငါမြင်၏။

24. သူတို့သားသမီးတို့သည် ယုဒစကားကိုမပြောတတ်။ အာဇုတ် စကားတဝက်အစရှိသော အသီးအသီး ဘာသာစကားကို ပြောတတ်ကြ၏။

25. သူတို့ကို ငါအပြစ်တင်၍ ကဲ့ရဲ့၏။ အချို့တို့ကို ရိုက်လျက်၊ ဆံပင်နှုတ်လျက် ဒဏ်ပေး၍၊ သင်တို့သည် ကိုယ်သမီးတို့ကို ပြည်သားတို့အား မပေးစားရ။ ပြည်သားသမီးတို့ကို ကိုယ်သားတို့အဘို့ မသိမ်းမယူရ။

26. ဣသရေလရှင်ဘုရင်ရှောလမုန်သည် ထိုသို့ ပြု၍ ပြစ်မှားရာရောက်သည်မဟုတ်လော။ အတိုင်းတိုင်းအပြည်ပြည်၌ သူနှင့်တူသောရှင်ဘုရင်မရှိ။ ဣသရေလရှင်ဘုရင်အရာ၌ ဘုရားသခင် ခန့်ထားသည်တိုင်အောင် စိတ်တော်နှင့်တွေ့သောသူဖြစ်သော်လည်း၊ တပါးအမျိုးသားမိန်းမတို့သည် ပြစ်မှားစေသည်တကား။

27. ငါတို့သည် သင်တို့စကားကို နားထောင်၍ တပါးအမျိုးသားမိန်းမတို့နှင့် စုံဘက်သဖြင့်၊ ဤမျှလောက် ကြီးသော ဒုစရိုက်ကိုပြုလျက်၊ ငါတို့၏ ဘုရားသခင်ကို ပြစ်မှားရမည်လောဟု ဘုရားသခင်ကို တိုင်တည်၍ သူတို့ကိုကျိန်ဆိုစေ၏။

28. ယဇ်ပုရောဟိတ်မင်းဧလျာရှိပ်သားယောယဒ၏ သားတယောက်သည်၊ ဟောရနိလူ သမ္ဘာလတ်သမက်ဖြစ်သောကြောင့်၊ သူ့ကိုငါနှင်ထုတ်၏။

29. အို အကျွန်ုပ်၏ ဘုရားသခင်၊ သူတို့သည် ယဇ်ပုရောဟိတ်အရာကို၎င်း၊ ယဇ်ပုရောဟိတ်၊ လေဝိသားတို့နှင့် ဖွဲ့သောပဋိညာဉ်တော်ကို၎င်း ရှုတ်ချသောကြောင့်၊ သူတို့ကို မှတ်တော်မူပါ။

30. ထိုသို့ ယုဒအမျိုးသားတို့ကို တပါးအမျိုးသားအပေါင်းတို့နှင့် ကင်းစင်စေပြီးမှ၊ ယဇ်ပုရောဟိတ်နှင့် လေဝိသားတို့ကိုအသီးအသီး မိမိတို့ အမှုစောင့်ရသည်အတိုင်း ငါခန့်ထား၍၊

31. ချိန်းချက်သောအချိန်၌ ထင်းပူဇော်သက္ကာနှင့် အဦးသီးသောအသီးကို ပူဇော်စေခြင်းငှါ စီရင်၏။ အို အကျွန်ုပ်၏ဘုရားသခင်၊ ကျေးဇူးပြုပါမည်အကြောင်း၊ အကျွန်ုပ်ကို အောက်မေ့တော်မူပါ။နေဟမိမှတ်စာပြီး၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ နေ​ဟ​မိ 13