ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

နေ​ဟ​မိ 13:13-24 Judson Bible (BJB)

13. ယဇ်ပုရောဟိတ် ရှေလမိ၊ ကျမ်းတတ်ဇာဒုတ်၊ လေဝိသား ပေဒါယ၊ သူ့နောက်မဿနိသားဖြစ်သော ဇက္ကုရ၏သား ဟာနန်တို့ကို ဘဏ္ဍာတော်တိုက်စိုးအရာ၌ ငါခန့်ထား၏။ ထိုသူတို့သည် သစ္စာစောင့်ခြင်း အသရေ ရှိသည်ဖြစ်၍၊ အမျိုးသားချင်းတို့အား ဝေဖန်ရကြ၏။

14. အို အကျွန်ုပ်၏ ဘုရားသခင်၊ ထိုအမှုကြောင့် အကျွန်ုပ်ကို အောက်မေ့တော်မူပါ။ အကျွန်ုပ်၏ ဘုရားသခင့် အိမ်တော်အဘို့၊ အိမ်တော်အမှုစောင့်ခြင်းအဘို့ အကျွန်ုပ်ပြုသော ကျေးဇူးကို ချေတော်မမူပါနှင့်။

15. ထိုကာလ၊ ယုဒပြည်မှာ အချို့တို့သည် ဥပုသ်နေ့ ၌ စပျစ်သီးကို နယ်လျက်၊ ကောက်လှိုင်းကိုသွင်းလျက်၊ မြည်းပေါ်မှာ ဝန်ကိုတင်လျက် လုပ်ဆောင်ကြသည်ကို၎င်း၊ ဥပုသ်နေ့၌စပျစ်ရည်၊ စပျစ်သီး၊ သင်္ဘော သဖန်းသီး အစရှိသည်တို့ကိုတင်၍ ယေရုရှလင်မြို့သို့ ဆောင်ခဲ့ကြ သည်ကို၎င်း ငါမြင်၍၊ ဤမည်သော နေ့ရက်၌သာ စားစရာများကို ရောင်းအပ်သည်ဟု သူတို့အကြားပြော၏။

16. ထိုအရပ်၌နေသော တုရုမြို့သားတို့သည်လည်း၊ ငါးအစရှိသည်တို့ကို ယေရုရှလင်မြို့သို့ဆောင်ခဲ့၍၊ ဥပုသ်နေ့၌ ယုဒအမျိုးသားတို့အား ရောင်းတတ်ကြ၏။

17. ထိုအခါငါက၊ သင်တို့သည် ဥပုသ်နေ့ကိုဖျက်၍ ပြုသော ဒုစရိုက်ကား အဘယ်သို့နည်း။

18. ဘိုးဘေးတို့သည် ထိုသို့ပြုသောကြောင့်၊ ဤမျှလောက်ကြီးစွာသော ဆင်းရဲခြင်းကို ငါတို့၌၎င်း၊ ဤမြို့၌ ၎င်းဘုရားသခင် ရောက်စေတော်မူသည်မဟုတ်လော။ သင်တို့သည် ဥပုသ်နေ့ကို ဖျက်သောအားဖြင့် သာ၍ ပြင်းစွာသောအမျက်တော်ကို ဣသရေလအမျိုး၌ ရောက်စေဦးမည်လောဟု ယုဒမှူးမတ်တို့ကို အပြစ်တင်လျက်၊

19. အဘိတ်နေ့တွင် နေရောင်ကွယ်၍ ဥပုသ်နေ့လွန်သည်တိုင်အောင်၊ ယေရုရှလင်မြို့တံခါးတို့ကို ပိတ်ထားရမည်အကြောင်း စီရင်၍၊ ဥပုသ်နေ့၌ဝန်များကို မြို့ထဲသို့ မသွင်းစေခြင်းငှါ မိမိကျွန်အချို့တို့ကို တံခါးတို့၌ ခန့်ထား၏။

20. ထိုနောက် ကုန်သည်များ၊ ဥစ္စာမျိုးကို ရောင်းသောသူများတို့သည်၊ ယေရုရှလင်မြို့ပြင်မှာ တခါနှစ်ခါအိပ်ကြ၏။

21. ငါကလည်း၊ မြို့ရိုးပတ်လည်၌အဘယ်ကြောင့် အိပ်ကြသနည်း။ နောက်တဖန်လာ၍ အိပ်လျှင် ဘမ်းဆီးမည်ဟု သူတို့အား သတိပေး၏။ ထိုအခါမှစ၍ ဥပုသ်နေ့တွင် မလာဘဲနေကြ၏။

22. လေဝိသားတို့သည်လည်း၊ ဥပုသ်နေ့ကို သန့်ရှင်းစေခြင်းငှါ၊ စင်ကြယ်သောကိုယ်နှင့်လာ၍ တံခါးတို့ကို စောင့်ရမည်အကြောင်း ငါမှာထား၏။ အို အကျွန်ုပ်၏ဘုရားသခင်၊ ထိုအမှုကြောင့် အကျွန်ုပ်ကို အောက်မေ့တော်မူပါ။ ကရုဏာတော်များပြားသည်အတိုင်း အကျွန်ုပ်ကို ကယ်မသနားတော်မူပါ။

23. ထိုကာလ၊ အာဇုတ်အမျိုး၊ အမ္မုန်အမျိုး၊ မောဘအမျိုးသမီးနှင့် စုံဘက်သော ယုဒလူအချို့တို့ကို ငါမြင်၏။

24. သူတို့သားသမီးတို့သည် ယုဒစကားကိုမပြောတတ်။ အာဇုတ် စကားတဝက်အစရှိသော အသီးအသီး ဘာသာစကားကို ပြောတတ်ကြ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ နေ​ဟ​မိ 13