ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဒံ​ယေ​လ 2:28-43 Judson Bible (BJB)

28. နက်နဲသော အရာတို့ကို ဖွင့်ပြ၍၊ နောင်ကာလ၌ ဖြစ်လတံ့သော အရာတို့ကို နေဗုခဒ်နေဇာမင်းကြီးအား ကြားပြောတော်မူသော ဘုရားသခင်တဆူသည် ကောင်း ကင်ဘုံမှာ ရှိတော်မူ၏။

29. အရှင်မင်းကြီး၊ နောင်၌ ဖြစ်လတံ့သော အရာ တို့ကို ကိုယ်တော်သည် စက်တော်ခေါ်၍ မြော်လင့်တော် မူ၏။ နက်နဲသောအရာကို ဖွင့်ပြတော်မူသော ဘုရား သည် နောင်ကာလ၌ ဖြစ်လတံ့သော အရာတို့ကို ကိုယ်တော်အားပြတော်မူ၏။

30. ဤနက်နဲသောအရာကိုကား၊ အခြားသော သတ္တဝါအပေါင်းတို့ထက် အကျွန်ုပ်သာ၍ ပညာရှိသော ကြောင့်၊ အကျွန်ုပ်အား ဘုရားသခင် ဖွင့်ပြတော်မူသည် မဟုတ်ပါ။ ကိုယ်တော်သည် စိတ်နှလုံးတော်၏ အထင်ကို နားလည်မည်အကြောင်း၊ ထိုအနက်ကို အကျွန်ုပ်ပြန်ကြား လျှောက်ထားစိမ့်သောငှါသာ ဘုရားသခင် ဖွင့်ပြတော် မူ၏။

31. အရှင်မင်းကြီး၊ စက်တော်ခေါ်၍ မြင်မက်တော် မူသော ရူပါရုံဟူမူကား၊ ကိုယ်တော်သည် ကြည့်ရှု၍ ရုပ်တုကြီးကို မြင်တော်မူ၏။ ထူးမြတ်သော အရောင်အဝါ နှင့် ပြည်စုံ၍၊ ကြီးမြင့်သော ထိုရုပ်တုသည် ကြောက်မက် ဘွယ်သော ပုံသဏ္ဌာန်ကိုဆောင်လျက် ကိုယ်တော်ရှေ့၌ တည်ရှိ၏။

32. သူ၏ ဦးခေါင်းသည် ရွှေစင်ဖြစ်၏။ ရင်ပတ်နှင့် လက်နှစ်ဘက်သည် ငွေဖြစ်၏။

33. ဝမ်းနှင့်ပေါင်နှစ်ဘက်သည် ကြေးဝါဖြစ်၏။ ခြေသလုံးနှစ်ဘက်သည် သံဖြစ်၏။ ခြေဘဝါးနှင့် ဖမိုး သည် သံတပိုင်းသရွတ်တပိုင်းဖြစ်၏။

34. ကိုယ်တော်သည် ကြည့်ရှုတော်မူစဉ်၊ လက်ဖြင့် မထုမလုပ်ဘဲ အလိုလိုဖြစ်သော ကျောက်တလုံးသည် သံနှင့်သရွတ်ဖြစ်သော ရုပ်တု၏ခြေကို ထိခိုက်၍ ချိုးဖဲ့ သည်ရှိသော်၊

35. သံ၊ သရွတ်၊ ကြေးဝါ၊ ငွေ၊ ရွှေတို့သည် ကျိုးပဲ့ ကြေမွလျက်၊ နွေကာလ၌ ကောက်နယ်တလင်း အမုန့် ကဲ့သို့ဖြစ်သဖြင့်၊ လေတိုက်လွှင့်၍ သူတို့နေရာမရှိ၊ ပျောက်လေ၏။ ရုပ်တုကို ထိခိုက်သော ကျောက်မူကား၊ တိုးပွားသဖြင့် တောင်ကြီးဖြစ်၍၊ မြေကြီးတပြင်လုံးကို ဖုံးလွှမ်းသည်ဟု မြင်မက်တော်မူ၏။

36. ယခုတွင် အိပ်မက်တော်၏အနက်ကို ဘော်ပြ၍ နားတော်လျှောက်ပါမည်။

37. အရှင်မင်းကြီး၊ ကိုယ်တော်သည် ဘုရင်တို့၏ ဘုရင်ဖြစ်တော်မူ၏။ ကောင်းကင်ဘုံရှင် ဘုရားသခင် သည် နိုင်ငံနှင့်တကွ တန်ခိုးအာနုဘော်အစွမ်းသတ္တိ ဘုန်းအသရေကို ကိုယ်တော်အား ပေးတော်မူပြီ။

38. လူနေရာ ရှိသမျှတို့နှင့် မြေကြီးသား တိရစ္ဆာန်၊ မိုဃ်းကောင်းကင်ငှက်များတို့ကို ကိုယ်တော်လက်၌ အပ် ပေး၍၊ ကိုယ်တော်သည် အလုံးစုံတို့ကို အုပ်စိုးရသော အခွင့်ရှိတော်မူ၏။ ကိုယ်တော်သည် ရုပ်တု၏ ရွှေဦး ခေါင်းဖြစ်တော်မူ၏။

39. ကိုယ်တော်နောက်၌ ကိုယ်တော်၏ နိုင်ငံ လောက်မမြတ်သော နိုင်ငံတခုသည် တည်ထောင်လိမ့် မည်။ ထိုနောက်၊ မြေကြီးတပြင်လုံးကို အုပ်စိုးသော ကြေးဝါနိုင်ငံတည်းဟူသော တတိယနိုင်ငံတည်ထောင် လိမ့်မည်။

40. စတုတ္ထနိုင်ငံသည် သံကဲ့သို့ခိုင်မာသော နိုင်ငံ ဖြစ်လိမ့်မည်။ သံသည် အခြားသောအရာရှိသမျှတို့ကို ချိုးဖဲ့၍ နိုင်သကဲ့သို့၊ စတုတ္ထနိုင်ငံသည် ချိုးဖဲ့နှိပ်စက်ခြင်း ကို ပြုလိမ့်မည်။

41. ရုပ်တု၏ခြေနှင့် ခြေချောင်းတို့သည် သရွတ် တပိုင်း သံတပိုင်းရှိသည်ကို မြင်တော်မူသည်အတိုင်း၊ အချင်းချင်းကွဲပြားသော နိုင်ငံဖြစ်လိမ့်မည်။ သို့သော် လည်း ဖုတ်သောသရွတ်နှင့် သံရောနှောသည်ကို မြင် တော်မူသည်ဖြစ်၍၊ သံသည်ခိုင်မာခြင်း သတ္တိရှိလိမ့်မည်။

42. ခြေချောင်းတို့သည် သံတပိုင်းသရွတ်တပိုင်း ဖြစ်သည်နှင့်အညီ၊ ထိုနိုင်ငံသည် ခိုင်မာခြင်းနှင့်၎င်း၊ ကျိုးပဲ့ခြင်းနှင့်၎င်းဆက်ဆံလိမ့်မည်။

43. ဖုတ်သောသရွတ်နှင့် သံရောနှောသည်ကို မြင် တော်မူသည်နှင့် လျော်စွာ၊ နိုင်ငံသားတို့သည် အခြား သော လူမျိုးသားတို့နှင့် ပေါင်းဘော်ကြလိမ့်မည်။ သို့သော် လည်း၊ သရွတ်နှင့်သံမရောနှောနိုင်သကဲ့သို့၊ သူတို့သည် အချင်းချင်း ပေါင်းဘော်၍ မသင့်နိုင်ကြ။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဒံ​ယေ​လ 2