ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဒေသနာကျမ်း။ 2:1-16 Judson Bible (BJB)

1. တဖန်ငါသည် ကိုယ်စိတ်နှလုံးထဲမှာ ပြောသည် ကား၊ လာပါ။ ရွှင်လန်းခြင်းအားဖြင့် သင့်ကိုငါစုံစမ်းမည်။ သို့ဖြစ်၍၊ ကာမဂုဏ်၌ပျော်မွေ့လော့ဟု ဆိုရာတွင်၊ ထိုအမှုအရာသည်လည်း အနတ္တဖြစ်၏။

2. ရယ်မောခြင်းကို သင်သည် အရူးဖြစ်၏ဟူ၍ ၎င်း၊ ရွှင်လန်းခြင်းကိုအဘယ်ကြောင့် ဤသို့ပြုသနည်း ဟူ၍၎င်း ငါဆိုရ၏။

3. တဖန်လူသားတို့သည် မိုဃ်းကောင်းကင် အောက်၌၊ တသက်လုံးပြုသင့်သောအမှုကောင်းကို သိအံ့သောငှါ၊ ပညာတရားကို လေ့ကျက်လျက်နှင့်၊ စပျစ်ရည် အလိုသို့လိုက်၍၊ မိုက်သောအကျင့်စလေ့၌ ကျင်လည်ခြင်းငှါ၊ ငါကြံစည်၏။

4. ကြီးကျယ်သောအလုပ်ကို စီရင်၍အိမ်တို့ကို ဆောက်၏။ စပျစ်ဥယျဉ်တို့ကိုလည်း စိုက်၏။

5. ဥယျာဉ်အမျိုးမျိုးကို ပြုစု၍၊ ခပ်သိမ်းသော အသီးမျိုးကို သီးသောအပင်တို့ကိုလည်း စိုက်၏။

6. သစ်ပင်မျိုးနှင့် ပြည့်စုံသောတောကို ရေလောင်းစရာဘို့ ရေကန်တို့ကိုလည်း လုပ်၏။

7. ကျွန်ယောက်ျား၊ ကျွန်မိန်းမတို့ကိုသိမ်းယူ၍၊ ကျွန်သားပေါက်များလည်းရှိကြ၏။ ငါ့အရင်၊ ယေရုရှလင်မြို့၌ဖြစ်ဘူးသော သူအပေါင်းတို့ထက်၊ ငါသည် တိရစ္ဆာန် အကြီးအငယ်တို့နှင့် အလွန်ရတတ်၏။

8. ရွှေငွေကို၎င်း၊ ရှင်ဘုရင်နှင့်ဆိုင်သောဘဏ္ဍာ၊ ကျေးရွာတို့၌ ခွဲသောအခွန်ကို၎င်း ငါဆည်းပူး၏။ အငြိမ့် သမားယောက်ျားမိန်းမတို့ကို၎င်း၊ လူသားတို့ ပျော်မွေ့ တတ်သော ကြင်လျှာမိန်းမမောင်းမမိဿံတို့ကို၎င်း ငါသိမ်းယူ၏။

9. ထိုသို့ငါ့အရင်၊ ယေရုရှလင်မြို့၌ ဖြစ်ဘူးသောသူ အပေါင်းတို့ထက်၊ ငါသည် တိုးပွါး၍ ကြီးမြင့်ခြင်းသို့ ရောက်၏။ ငါပညာလည်း တည်လျက်ရှိ၏။

10. ငါ့မျက်စိတပ်မက် လိုချင်သောအရာ တစုံတခုကိုမျှ ငါမငြင်း၊ ငါ့စိတ်ရွှင်လန်းစရာ တစုံတခုကိုမျှမပယ်။ ငါကြိုးစားသမျှတို့၌ ဝမ်းမြောက်လျက်ရှိ၍၊ ကြိုးစားခြင်း အကျိုးကိုခံရ၏။

11. ထိုအခါငါစီရင်ပြုပြင်သမျှ၊ ငါကြိုးစားအားထုတ် သမျှတို့ကိုငါကြည့်ရှု၍၊ အလုံးစုံတို့သည် အနတ္တအမှု၊ လေကိုကျက်စားသော အကျိုးတစုံတခုမျှမရှိ။

12. တဖန်ငါလှည့်၍ ပညာတရားကို၎င်း၊ လျှပ်ပေါ်ခြင်းနှင့် မိုက်မဲခြင်းတရားတို့ကို၎င်း ဆင်ခြင်၏။ရှင်ဘုရင် နောက်မှာ ဖြစ်သောသူသည် အဘယ်သို့ ပြုနိုင်သနည်း။ ပြုဘူးသည်အတိုင်းသာ ပြုနိုင်၏။

13. သို့ရာတွင်၊ အလင်းသည် မှောင်မိုက်ထက်မြတ်သကဲ့သို့၊ ပညာသည် မိုက်မဲခြင်းထက်မြတ်သည်ကို ငါသိမြင်၏။

14. ပညာရှိသောသူ၏ မျက်စိတို့သည် သူ၏ ဦးခေါင်း၌ရှိ၏။ မိုက်သောသူမူကား၊ မှောင်မိုက်၌ ကျင်လည်တတ်၏။ သို့သော်လည်း ထိုသူအပေါင်းတို့သည် တခုတည်းသော်အမှုနှင့် တွေ့ကြုံတတ်သည်ကို ငါရိပ်မိ ၏။

15. သို့ဖြစ်၍၊ မိုက်သောသူတွေ့ကြုံသကဲ့သို့၊ ငါသည် တွေ့ကြုံလျှင်၊ အဘယ်ကြောင့်သူ့ထက်သာ၍ ပညာရှိသနည်းဟူ၍၎င်း၊ ဤအမှုအရာသည်လည်း အနတ္တဖြစ်သည်ဟူ၎င်း ငါအောက်မေ့၏။

16. ယခုဖြစ်သမျှသော အမှုအရာတို့ကို နောင်ကာလ၌ မေ့လျော့လိမ့်မည်ဖြစ်၍၊ မိုက်သောသူသည် အစဉ်မအောက်မေ့သကဲ့သို့၊ ပညာရှိသောသူကိုလည်း အစဉ်မအောက်မေ့တတ်။ ပညာရှိသောသူသည် မိုက်သော သူသေသကဲ့သို့ သေတတ်ပါသည်တကား။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဒေသနာကျမ်း။ 2