ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ထွက်​မြောက် 7:18-25 Judson Bible (BJB)

18. မြစ်၌ရှိသောငါးတို့သည် သေကြလိမ့်မည်။ မြစ်ရေလည်းနံလိမ့်မည်၊ အဲဂုတ္တုလူတို့သည်လည်း မြစ်ရေကိုရွံကြလိမ့်မည်အကြောင်းကို ပြန်ပြောလော့ဟု မောရှေအားမိန့်တော်မူ၏။

19. တဖန်ထာဝရဘုရားသည် မောရှေကိုမိန့်တော်မူပြန်သည်ကား၊ အာရုန်အား သင်၏လှံတံကိုယူ၍ အဲဂုတ္တုပြည်၌ရှိသောချောင်းရေ၊ မြစ်ရေ၊ အိုင်အင်းရေ၊ ကန်ရေ၊ တွင်းရေရှိသမျှအပေါ်မှာ လက်ကိုဆန့်လော့။ ထိုရေရှိသမျှတို့သည် အသွေးဖြစ်လိမ့်မည်။ အဲဂုတ္တုပြည်တရှောက်လုံး၊ သစ်ခွက်၊ ကျောက်အိုး၌မျှ မကြွင်း အသွေးရှိလိမ့်မည်အကြောင်းကိုပြောလော့ဟု မိန့်တော်မူ၏။

20. မောရှေနှင့် အာရုန်သည် ထာဝရဘုရားမိန့်တော်မူသည်အတိုင်းပြု၍၊ အာရုန်သည် ဖာရောဘုရင်ရှေ့၊ သူ၏ကျွန်များရှေ့မှာ လှံတံကိုချီ၍ မြစ်ရေကို ရိုက်သဖြင့်၊ မြစ်ရေရှိသမျှသည်အသွေးဖြစ်လေ၏။

21. မြစ်၌ရှိသော ငါးတို့သည်လည်းသေကြ၍၊ မြစ်ရေနံသောကြောင့်၊ အဲဂုတ္တုလူတို့သည် မြစ်ရေကိုမသောက်နိုင်ကြ။ အဲဂုတ္တုပြည်တရှောက်လုံး၌ အသွေးနှံ့ပြားလျက်ရှိလေ၏။

22. အဲဂုတ္တုအမျိုးသားဝိဇ္ဇာဆရာတို့လည်း ဝိဇ္ဇာအတတ်အားဖြင့် ထိုအတူပြုကြ၏။ ထာဝရဘုရားမိန့်တော်မူသည်အတိုင်း၊ ဖာရောဘုရင်သည် နှလုံးခိုင်မာ၍ သူတို့၏စကားကိုနားမထောင်ဘဲနေ၏။

23. နန်းတော်သို့လှည့်လည်ပြန်သွား၍ ထိုအမှုကို နှလုံးမသွင်းဘဲနေလေ၏။

24. ထိုအခါ အဲဂုတ္တုလူတို့သည် မြစ်ရေကိုမသောက်နိုင်သောကြောင့်၊ သောက်ရေကိုရခြင်းငှါ မြစ်နားမှာတွင်းတူးကြ၏။

25. ထာဝရဘုရားသည် မြစ်ကိုဒဏ်ခတ်၍ ခုနစ်ရက်ကိုလွန်စေတော်မူ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ထွက်​မြောက် 7