ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ထွက်​မြောက် 40:20-38 Judson Bible (BJB)

20. ထာဝရဘုရားမှာထားတော်မူသည်အတိုင်း၊ သက်သေခံချက်ကို သေတ္တာထဲမှာ သွင်းထား၍၊ သေတ္တာကွင်းတို့၌ ထမ်းဘိုးကိုလျှို၍၊ သေတ္တာပေါ်အဖုံးကိုတင်ပြီးမှ၊

21. သေတ္တာကို တဲတော်၌သွင်း၍ ကွယ်ကာရာအတွင်းကုလားကာကို ကာထားသဖြင့်၊ သက်သေခံချက်သေတ္တာကို ကွယ်ကာလေ၏။

22. ထာဝရဘုရားမှာထားတော်မူသည်အတိုင်း၊ စားပွဲကိုလည်း ပရိသတ်စည်းဝေးရာ တဲတော်အတွင်း မြောက်ဘက်နား ကုလားကာပြင်မှာထား၍၊

23. စားပွဲပေါ်မှာထာဝရဘုရားရှေ့တော်၌ မုန့်ကိုပြင်ဆင်လေ၏။

24. ထာဝရဘုရားမှာထားတော်မူသည်အတိုင်း၊ မီးခုံကိုလည်း ပရိသတ်စည်းဝေးရာ တဲတော်အတွင်း၊ တောင်ဘက်နားစားပွဲဆိုင်ရာတွင်ထား၍၊

25. ထာဝရဘုရားရှေ့တော်၌ မီးခွက်များကိုထွန်းလေ၏။

26. ထာဝရဘုရားမှာထားတော်မူသည်အတိုင်း၊ ရွှေပလ္လင်ကိုလည်း ပရိသတ်စည်းဝေးရာ တဲတော်အတွင်း ကုလားကာပြင်မှာထား၍၊

27. ထိုပလ္လင်ပေါ်၌ မွှေးသောနံ့သာပေါင်းကို မီးရှို့လေ၏။

28. တဲတော်တံခါးဝ၌လည်း၊ ကုလားကာကိုဆွဲကာလေ၏။

29. ထာဝရဘုရားမှာထားတော်မူသည်အတိုင်း၊ မီးရှို့ရာယဇ်ပလ္လင်ကိုလည်း၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးရှေ့မှာထား၍၊ ထိုပလ္လင်ပေါ်၌ မီးရှို့ရာယဇ်ကို၎င်း၊ ဘောဇဉ်ပူဇော်သက္ကာကို၎င်း ပူဇော်လေ၏။

30. အင်တုံကိုလည်း ပရိသတ်စည်းဝေးရာတဲနှင့် ယဇ်ပလ္လင်စပ်ကြားမှာထား၍၊ ဆေးစရာရေကို အင်တုံ၌ထည့်လေ၏။

31. ထာဝရဘုရားမှာထားတော်မူသည်အတိုင်း၊ မောရှေနှင့် အာရုန်မှစ၍ သူ၏သားတို့သည် ပရိသတ်စည်းဝေးရာတဲတော်အထဲသို့ ဝင်သော်၎င်း၊

32. ယဇ်ပလ္လင်အနီးသို့ ချဉ်းကပ်သော်၎င်း၊ လက်ခြေတို့ကို ဆေးရကြ၏။

33. တဲတော်နှင့် ယဇ်ပလ္လင်ပတ်လည်ဝင်းကိုထူ၍၊ ဝင်းတံခါးဝ၌ကာသော ကုလားကာကို ဆွဲလေ၏။ ထိုသို့ မောရှေသည် အလုပ်ကိုပြီးစီးစေသတည်း။

34. ထိုအခါ မိုဃ်းတိမ်သည် ပရိသတ်စည်းဝေးရာ တဲတော်ကိုလွှမ်းမိုး၍၊ ထာဝရဘုရား၏ဘုန်းတော်သည် တဲတော်ကိုဖြည့်လေ၏။

35. ထိုသို့ မိုဃ်းတိမ်သည် ပရိသတ်စည်းဝေးရာတဲတော်အပေါ်၌ နေသောကြောင့်၊ မောရှေသည် အထဲသို့မဝင်ရ။ ထာဝရဘုရား၏ဘုန်းတော်သည် တဲတော်ကို ဖြည့်လျက်နေ၏။

36. ဣသရေလအမျိုးသားတို့သည် ခရီးသွားလေရာရာတွင်၊ မိုဃ်းတိမ်သည် တဲတော်အပေါ်မှ ကွာမြောက်သောအခါခရီးသွားကြ၏။

37. မိုဃ်းတိမ်မကွာမမြောက်လျှင်၊ မကွာမမြောက်မှီနေ့တိုင်အောင်၊ ခရီးမသွားဘဲ နေကြ၏။

38. ခရီးသွားလေရာရာတွင် ဣသရေလအမျိုးသားအပေါင်းတို့ရှေ့မှောက်၌ ထာဝရဘုရား၏မိုဃ်းတိမ်သည် နေ့အခါတဲတော်အပေါ်မှာ တည်နေ၏။ ညဉ့်အခါ မီးလျှံဖြစ်လျက် တည်နေလေသတည်း။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ထွက်​မြောက် 40