1. တဖန်ထာဝရဘုရားသည်၊ မောရှေအားမိန့်တော်မူသည်ကား၊
2. သင်သည် ပဌမလ၊ ပဌမနေ့၌ ပရိသတ်စည်းဝေးရာ တဲတော်ကိုဆောက်ရမည်။
3. တဲတော်အထဲ၌၊ သက်သေခံချက် သေတ္တာကိုသွင်းထား၍၊ အတွင်းကုလားကာဖြင့် ကွယ်ကာရမည်။
4. စားပွဲကိုလည်းသွင်း၍၊ စားပွဲပေါ်မှာ ပြင်ဆင်ရသမျှတို့ကို ပြင်ဆင်ရမည်။ မီးခုံကိုလည်းသွင်း၍၊ မီးခွက်တို့ကိုထွန်းရမည်။
5. နံ့သာပေါင်းရှို့ရာ ရွှေပလ္လင်ကို သက်သေခံချက် သေတ္တာရှေ့၌တည်ထား၍၊ တဲတော်တံခါးဝကာသော ကုလားကာကိုဆွဲကာရမည်။
6. ယဇ်ကောင်ရှို့ရာပလ္လင်ကိုလည်း၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးရှေ့၌ တည်ထားရမည်။
7. အင်တုံကိုလည်း ပရိသတ်စည်းဝေးရာတဲတော်နှင့် ယဇ်ပလ္လင်စပ်ကြားမှာ တည်ထား၍၊ အင်တုံ၌ရေကိုထည့်ရမည်။
8. တဲတော်ပတ်လည်ဝင်းကိုထူ၍၊ ဝင်းတံခါးဝကာသော ကုလားကာကို ဆွဲကာရမည်။
9. လိမ်းရန် ဆီကိုယူ၍၊ တဲတော်နှင့် တဲတော်၌ ရှိသမျှတို့ကိုလိမ်းသဖြင့် တဲတော်နှင့် တဲတော်တန်ဆာရှိသမျှတို့ကိုသန့်ရှင်းစေရမည်။ ထိုသို့တဲတော်သည် သန့်ရှင်းရလိမ့်မည်။
10. ယဇ်ကောင်ရှို့ရာပလ္လင်နှင့် တန်ဆာရှိသမျှတို့ကိုလိမ်း၍ သန့်ရှင်းစေသဖြင့်၊ ထိုပလ္လင်သည် အလွန်သန့်ရှင်းသောပလ္လင်ဖြစ်ရမည်။
11. အင်တုံနှင့် ခြေထောက်ကိုလည်းလိမ်း၍ သန့်ရှင်းစေရမည်။
12. အာရုန်နှင့် သူ၏သားတို့ကို၊ ပရိသတ်စည်းဝေးရာတံခါးနားသို့ခေါ်ခဲ့၍ ရေချိုးရမည်။
13. အာရုန်သည်ငါ့ရှေ့၌၊ ယဇ်ပုရောဟိတ်အမှုကို ဆောင်ရွက်မည်အကြောင်း၊ သန့်ရှင်းသောအဝတ်နှင့်ဝတ်စေ၍ ဆီလိမ်းသဖြင့် သန့်ရှင်းစေရမည်။
14. သူ၏သားတို့သည်လည်း ငါ့ရှေ့၌ ယဇ်ပုရောဟိတ်အမှုကို ဆောင်ရွက်မည်အကြောင်း၊ သူတို့ကိုခေါ်ခဲ့၍ အင်္ကျီဝတ်စေလျက်၊ သူတို့အဘကို ဆီလိမ်းသကဲ့သို့၊ သူတို့ကိုဆီလိမ်းရမည်။
15. အကယ်စင်စစ် သူတို့ဆီလိမ်းခြင်းဘိသိက်သည် သားစဉ်မြေးဆက်ပတ်လုံး၊ ထာဝရယဇ်ပုရောဟိတ်အရာဖြစ်သတည်းဟု၊