ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ထွက်​မြောက် 4:7-21 Judson Bible (BJB)

7. တဖန်သင်၏လက်ကို သင့်ရင်ခွင်သို့သွင်းဦးလော့ဟု မိန့်တော်မူသည်အတိုင်း၊ တဖန်လက်ကိုရင်ခွင်သို့သွင်း၍ ထုတ်ပြန်သောအခါ၊ ပကတိအသားဖြစ်ပြန်လေ၏။

8. ထိုသူတို့သည်သင့်ကိုမယုံ၊ ပဌမနိမိတ်သက်သေကို နားမထောင်လျှင်၊ နောက်ဖြစ်သောနိမိတ်သက်သေကို ယုံကြလိမ့်မည်။

9. သို့မဟုတ် ထိုနိမိတ်နှစ်ပါးကိုမယုံ၊ သင်၏စကားကိုနားမထောင်လျှင်၊ သင်သည် မြစ်ရေအချို့ကိုယူ၍ ကုန်းပေါ်မှာသွန်းလော့။ ထိုသို့ မြစ်ထဲကယူသောရေသည် ကုန်းပေါ်မှာအသွေးဖြစ်လိမ့်မည်ဟု မိန့်တော်မူ၏။

10. မောရှေကလည်း၊ အိုဘုရားရှင်၊ အကျွန်ုပ်သည်နှုတ်သတ္တိမရှိပါ။ အထက်ကလည်းမရှိပါ။ ကိုယ်တော်ကျွန်အား မိန့်တော်မူသောအခါ၌ပင်မရှိပါ။ နှုတ်လေးသောသူ၊ စကားနှေးနှေးပြောတတ်သောသူဖြစ်ပါ၏ဟု ထာဝရဘုရားအားလျှောက်ဆို၏။

11. ထာဝရဘုရားကလည်း၊ လူ၏နှုတ်ကိုအဘယ်သူဖန်ဆင်းသနည်း။ စကားအသောသူ၊ နားပင်းသောသူ၊ မျက်စိမြင်သောသူ၊ မမြင်သောသူတို့ကို အဘယ်သူဖန်ဆင်းသနည်း။ ငါထာဝရဘုရားဖန်ဆင်းသည် မဟုတ်လော။

12. သို့ဖြစ်၍ ယခုသွားလော့။ သင်၏နှုတ်၌ငါရှိ၍၊ သင်သည် အဘယ်သို့ပြောရမည်ကို သွန်သင်မည်ဟုမိန့်တော်မူ၏။

13. မောရှေကလည်း၊ အိုဘုရားရှင်၊ အလိုတော်ရှိသောသူ၏လက်တွင် ပေးလိုက်တော်မူပါဟုလျှောက်သော်၊

14. ထာဝရဘုရားသည် မောရှေအားအမျက်တော်ထွက်၍၊ လေဝိလူအာရုန်သည် သင်၏အစ်ကိုဖြစ်သည်မဟုတ်လော။ သူသည်ကောင်းမွန်စွာပြောတတ်သည်ကို ငါသိ၏။ သူသည်လည်းသင့်ကိုခရီးဦးကြိုပြုခြင်းငှါ ယခုလာ၏။ တွေ့မြင်သောအခါ ဝမ်းမြောက်လိမ့်မည်။

15. သင်သည်သူနှင့်စကားပြော၍၊ သူပြောစရာစကားကိုပေးရမည်။ သင်၏နှုတ်၌၎င်း၊ သူ၏နှုတ်၌၎င်းငါရှိ၍၊ သင်တို့သည် အဘယ်သို့ပြုရမည်ကို သွန်သင်မည်။

16. သူသည်လည်း လူတို့ရှေ့မှာသင်၏စကားပြန်လုပ်၍၊ သင်၏ နှုတ်ကိုယ်စားဖြစ်လိမ့်မည်။ သင်သည်လည်း သူ၏ဘုရားသခင်ကိုယ်စား ဖြစ်လိမ့်မည်။

17. သင်သည် နိမိတ်သက်သေတို့ကိုပြလတံ့သော ဤလှံတံကိုလည်း၊ သင်၏လက်၌ကိုင်ရမည်ဟု မိန့်တော်မူ၏။

18. မောရှေသည်လည်း ယောက္ခမယေသရောထသို့ပြန်သွား၍၊ အဲဂုတ္တုပြည်၌ရှိသော ကျွန်ုပ်အမျိုးသားချင်းတို့သည် အသက်ရှင်သေးသလောဟု ကြည့်ရှုခြင်းငှါ၊ သူတို့ရှိရာသို့ ကျွန်ုပ်သွားရသောအခွင့်ကိုပေးပါလော့ဟု ဆိုသော်၊ ယေသရောက၊ ငြိမ်ဝပ်စွာသွားလော့ဟု ပြန်ဆိုလေ၏။

19. ထာဝရဘုရားကလည်း၊ အဲဂုတ္တုပြည်သို့ပြန်သွားလော့။ သင်၏အသက်ကို ရှာသောသူအပေါင်းတို့သည်သေကြပြီဟု မိဒျန်ပြည်၌ မောရှေအားမိန့်တော်မူ၏။

20. ထိုအခါ၊ မောရှသည် မယားနှင့်သားနှစ်ယောက်တို့ကိုယူ၍ မြည်းကိုစီးစေသဖြင့်၊ ဘုရားသခင်၏လှံတံတော်ကိုလက်စွဲလျက်၊ အဲဂုတ္တုပြည်သို့ ပြန်လေ၏။

21. ထာဝရဘုရားကလည်း၊ သင်သည် အဲဂုတ္တုပြည်သို့သွား၍ရောက်လျှင်၊ သင်၌ ငါအပ်သော အံ့ဘွယ်သောအမှုအလုံးစုံတို့ကို ဖာရောဘုရင်ရှေ့မှာပြလော့။ ထိုသို့ပြသော်လည်း သူ၏နှလုံးကိုငါခိုင်မာစေ၍၊ သူသည် ဣသရေလလူတို့ကို မလွှတ်ဘဲနေလိမ့်မည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ထွက်​မြောက် 4