10. ထိုကုလားကာဘို့ တိုင်နှစ်ဆယ်၊ တိုင်ခြေစွပ်နှစ်ဆယ်ကို ကြေးဝါနှင့်လုပ်၍ တိုင်တံစို့၊ တိုင်တန်းတို့ကိုငွေဖြင့်ပြီးစေ၏။
11. ထိုနည်းတူ မြောက်ဘက်၌ကာရန် အလျားအတောင်တရာရှိသော ကုလားကာနှင့်တကွ ငွေတံစို့၊ ငွေတန်းပါသောကြေးဝါတိုင်နှစ်ဆယ်၊ ကြေးဝါခြေစွပ်နှစ်ဆယ်ရှိ၏။
12. အနောက်ဘက်၌ကာရန် အလျားအတောင်ငါးဆယ်ရှိသော ကုလားကာနှင့်တကွ တိုင်တဆယ်၊ ခြေစွပ်တဆယ်ရှိ၏။
13. အရှေ့ဘက်၌လည်း အတောင်ငါးဆယ်ရှိ၏။
14-15. တံခါးဝတဘက်တချက်၌ကာရန် အလျားဆယ်ငါးတောင်ရှိသော ကုလားကာနှင့်တကွ တိုင်သုံးတိုင်၊ ခြေစွပ်သုံးခုရှိ၏။
16. ဝင်းပတ်လည်၌ကာသောကုလားကာရှိသမျှတို့သည် ပိတ်ချောဖြင့်ပြီး၏။
17. တိုင်တို့သည် ကြေးဝါခြေစွပ်၊ ငွေတံစို့၊ ငွေတန်းနှင့်ပြည့်စုံ၍ တိုင်ထိပ်များကိုလည်း ငွေနှင့်မွမ်းမံလေ၏။ ဝင်းတိုင်တန်းရှိသမျှတို့သည် ငွေတန်းဖြစ်၏။
18. ဝင်းတံခါးဝ၌ကာရန် ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောဖြင့်ပြီး၍ ချယ်လှယ်သောကုလားကာ၊ အလျားအတောင်နှစ်ဆယ်၊ အမြင့်ငါးတောင်ရှိ၍၊ ဝင်းကာသောကုလားကာနှင့် တညီတည်းဖြစ်၏။
19. ဝင်းတံခါးဝတိုင်လေးခုရှိ၍၊ ကြေးဝါခြေစွပ်လေးခု၊ ငွေတံစို့၊ ငွေတန်းများ၊ ငွေနှင့်မွမ်းမံသောထိပ်များနှင့် ပြည့်စုံကြ၏။
20. တဲတော်တံသင်ဝင်းပတ်လည်၌ စိုက်သောတံသင်ရှိသမျှတို့သည် ကြေးဝါတံသင်ဖြစ်ကြ၏။
21. ဤရွေ့ကား၊ မောရှေစီရင်သည်အတိုင်း၊ ယဇ်ပုရောဟိတ်အာရုန်၏သား ဣသမာသည်၊ လေဝိလူများအမှုတော်ဆောင်စရာတဲတော်ကို ရေတွက်မှတ်သားသော သက်သေခံချက် တဲတော်စာရင်းပေတည်း။
22. မောရှေအား ထာဝရဘုရားမှာထားတော်မူသမျှတို့ကို၊ ယုဒအမျိုးသားဟုရ၏သားဖြစ်သော၊ ဥရိ၏သားဗေဇလေလသည် လုပ်လေ၏။
23. ထိုမှတပါး၊ ထုလုပ်တတ်သောသူ၏အလုပ်၊ ဆန်းပြားသော လက်သမားအလုပ်၊ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောကို ချယ်လှယ်တတ်သောသူ၏ အလုပ်ကိုလုပ်တတ်သော ဒန်အမျိုးသား အဟိသမက်၏သားအဟောလျဘလည်းရှိ၏။
24. သန့်ရှင်းရာဌာနတော်ပြီးအောင်လှူ၍ လုပ်သောရွှေချိန်ပေါင်းကား အကျပ်တော်အတိုင်း အခွက်နှစ်ရာကိုးဆယ်ခုနစ်ပိဿာသုံးဆယ် ဖြစ်သတည်း။
25. စာရင်းဝင်သောပရိသတ်များပေးသော ငွေချိန်ပေါင်းကား၊ အကျပ်တော်အတိုင်း အခွက်တထောင်နှင့် တဆယ်ခုနစ်ပိဿာခုနစ်ဆယ်ငါးကျပ် ဖြစ်သတည်း။
26. အသက်နှစ်ဆယ်မှစ၍ ပိုလွန်သမျှသောသူစာရင်းဝင်သည်အတိုင်း၊ လူခြောက်သိန်းသုံးထောင် ငါးရာငါးဆယ်တို့သည်၊ အကျပ်တော်အလိုက် ငွေချိန်အကျပ်တဝက်စီပေးရကြ၏။
27. ခြေစွပ်တခု၌ ငွေအခွက်တဆယ်စီဝင်သည်ဖြစ်၍၊ ငွေအခွက်တထောင်နှင့် တဲတော်ခြေစွပ်၊ အတွင်းကုလားကာခြေစွပ်တည်းဟူသော ခြေစွပ်တရာကို သွန်းလေ၏။